အင်ဂျင် ချို့ယွင်းမှုဖြစ်ပြီးနောက် ဆင်းသက်နိုင်ရန် နောက်ဆုံးအချိန်မှာ ပျက်ကျသွားခဲ့ပါတယ်။

အစ္စရေးနိုင်ငံမှ လွှတ်တင်လိုက်တဲ့ လစူးစမ်းလေ့လာရေးယာဉ်ဟာ အောင်မြင်စွာ ဆင်းသက်နိုင်ခြင်းမရှိဘဲ လမျက်နှာပြင်ပေါ်ကို ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။

(Beresheet လစူးစမ်းလေ့လာရေးယာဉ်) (Photo: SpaceIL)

ပထမဆုံး ပုဂ္ဂလိက ငွေကြေးအထောက်အပံ့ဖြင့် လွှတ်တင်ခဲ့တဲ့ အစ္စရေး လစူးစမ်းလေ့လာရေးယာဉ်ရဲ့ အဓိက အင်ဂျင် ချို့ယွင်းမှုဖြစ်ပြီးနောက် ဆင်းသက်နိုင်ရန် နောက်ဆုံးအချိန်မှာ လမျက်နှာပြင်ပေါ်ကို ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ Beresheet လို့ အမည်ပေးထားတဲ့ လစူးစမ်းလေ့လာရေးယာဉ်ဟာ လပေါ်ကို ဆင်းသက်ရန်ကြိုးပမ်းစဉ် နည်းပညာပိုင်းနဲ့ ဆက်သွယ်ရေးပိုင်းဆိုင်ရာ ပြဿနာအချို့ ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ Beresheet ရဲ့ ရည်ရွယ်ချက်မှာ လပေါ်မှ ပုံရိပ်တွေကို မှတ်တမ်းတင်ရန်နဲ့ စူးစမ်းလေ့လာမှုတွေ ပြုလုပ်သွားရန်လည်း ဖြစ်ပါတယ်။



(Beresheet က ပေးပို့ခဲ့သည့် ပုံရိပ်တစ်ခု) (Photo: AFP)

ယခင်က လစူးစမ်းလေ့လာမှု ခရီးစဉ်တွေကို ဆိုဗီယက်ယူနီယံ၊ အမေရိကန်နဲ့ တရုတ် အစိုးရတွေရဲ့ အာကာသအေဂျင်စီတွေကသာ လုပ်ဆောင်ခဲ့ဖူးတာဖြစ်ပြီး Beresheet ကိုတော့ ပုဂ္ဂလိက ငွေကြေးအထောက်အပံ့ဖြင့် လပေါ်သို့လွှတ်တင်ခဲ့ခြင်း ဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ Beresheet လစူးစမ်းလေ့လာရေးယာဉ် လွှတ်တင်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

(Beresheet ထိန်းချုပ်ရေးစခန်း) (Photo: IAI)

Beresheet လစူးစမ်းလေ့လာရေးယာဉ် စီမံကိန်းကို ပုဂ္ဂလိက ငွေကြေးအထောက်အပံ့ပြုထားတဲ့ SpaceIL အဖွဲ့အစည်းနဲ့ Israel Aerospace Industries (IAI) ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အစ္စရေး လစူးစမ်းလေ့လာရေးယာဉ် Beresheet ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၂ ရက်မှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Cape Canaveral အာကာယာဉ်လွှတ်တင်ရေးစခန်းကနေ SpaceX ဒုံးပျံဖြင့် လပေါ်သို့ လွှတ်တင်ခဲ့ပါတယ်။ ထို့နောက် ဧပြီ ၄ ရက်မှာတော့ လရဲ့ပတ်လမ်းကြောင်းအတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ဧပြီ ၁၁ ရက်မှာ လပေါ်ကိုဆင်းသက်ရန် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ဘဲ ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။

(လပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည့် နေရာများ) (Image: BBC, Source: NASA)

"ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ အသေအချာ ကြိုးစားခဲ့ကြပါတယ်၊ Beresheet က လပေါ်ကို အောင်အောင်မြင်မြင်နဲ့ မဆင်းသက်နိုင်ခဲ့ပါဘူး" လို့ လစူးစမ်းလေ့လာရေးယာဉ် စီမံကိန်းကို ဦးဆောင်ခဲ့သူနဲ့ အဓိက ငွေကြေးထောက်ပံ့သူ မော်ရစ်ခန်းက ပြောကြားကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က