အလုပ်ထုတ်ခံရတဲ့ အမှုဆောင်အရာရှိချုပ်ဟာ တစ်နှစ်လျှင် လစာငွေ ဒေါ်လာ ၁၆ သန်းရရှိနေသူ ဖြစ်ပါတယ်။
Ko John

ကမ္ဘာကျော် အမေရိကန် အမြန်ပြင်အစားအစာ စားသောက်ဆိုင်လုပ်ငန်းစုကြီး မက်ဒေါ်နယ် (McDonald's) ရဲ့ အမှုဆောင်အရာရှိချုပ် စတိဗ် အီစတာဘရွတ်ခ်ဟာ ဝန်ထမ်းတစ်ဦးနဲ့ အချစ်ဇာတ်လမ်းဖြစ်ခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။ စတိဗ်အနေနဲ့ ကုမ္ပဏီမူဝါဒစည်မျဥ်းကို ချိုးဖောက်ခဲ့ကြောင်းနဲ့ ဆင်ခြတုံတရားနည်းကြောင်း ပြသခဲ့ရာရောက်တယ်လို့ မက်ဒေါ်နယ်က ဆိုပါတယ်။

(Photo: Getty Images)

ဗြိတိသျှလူမျိုး အမှုဆောင်အရာရှိချုပ် စတိဗ်က ဝန်ထမ်းများထံ ပေးပို့ခဲ့တဲ့ အီးလ်မေးတစ်စောင်မှာလည်း အချစ်ဇာတ်လမ်းရှိခဲ့ကြောင်း ဝန်ခံခဲ့ပြီး ထိုကိစ္စဟာ အမှားတစ်ခုဖြစ်တယ်လို့ ပြေားထားပါတယ်။ "ကုမ္ပဏီရဲ့ စံတန်ဖိုးတွေကို ထောက်ဆပြီး ကျွန်တော် ထွက်ဖို့အချိန်ကျပြီလို့ ဘုတ်အဖွဲ့နဲ့ သဘောတူခဲ့ပါတယ်" လို့ စတိဗ်က ဆိုပါတယ်။

တစ်နှစ်လျှင် လစာငွေ အမေရိကန်ဒေါ်လာ ၁၆ သန်းအထိ ရရှိခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် စတိဗ်ဟာ မက်ဒေါ်နယ်မှာ ၁၉၉၃ ခုနှစ်က ပထမဆုံး အလုပ်ဝင်ခဲ့ပြီး လန်ဒန်မြို့မှာ မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ စတိဗ်ဟာ မက်ဒေါ်နယ်မှ ၂၀၁၁ ခုနှစ်မှာ ထွက်ခွာခဲ့ပြီး Pizza Express နဲ့ အာရှအစားအစာတွေ ရောင်းချတဲ့ Wagamama စားသောက်ဆိုင်လုပ်ငန်းမှာ အကြီးအကဲ ဖြစ်လာခဲ့ပါတယ်။

(Photo: Shutterstock)

ထို့နောက် ၂၀၁၃ ခုနှစ်မှာ စတိဗ်က မက်ဒေါ်နယ်ကို ပြန်ရောက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ဗြိတိန်နဲ့ ဥရောပမြောက်ပိုင်းဆိုင်ရာ မက်ဒေါ်နယ် အကြီးအကဲအဖြစ် ရာထူးတိုးမြင့်လာခဲ့ပါတယ်။ စတိဗ်ဟာ ၂၀၁၅ ခုနှစ်မှာ မက်ဒေါ်နယ်ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ စတိဗ်ဟာ မက်ဒေါ်နယ် အမှုဆောင်အရာရှိချုပ်ဖြစ်လာပြီး အမေရိကန်ကို ပြောင်းရွေ့ချိန်ဝန်းကျင်မှာ ဇနီးဖြစ်သူ ဗြိတိသျှအမျိုးသမီး ဆူစီနဲ့ ကွာရှင်းခဲ့ကြောင်း Daily Mail သတင်းက ပြောပါတယ်။ စတိဗ်နဲ့ ဆူစီတို့မှာ သမီးသုံးဦးရှိပြီး လက်ရှိမှာ မိခင်ဖြစ်သူနဲ့အတူ ‌နေထိုင်လျက်ရှိကြောင်းလည်း သိရပါတယ်။

(စတိဗ်ရဲ့ ဇနီးဟောင်း ဆူစီ) (Photo: Susie Jennings/Facebook)

စတိဗ်ဟာ မက်ဒေါ်နယ်ရဲ့ စားသောက်ဖွယ်စာရင်းနဲ့ စားသောက်ဆိုင်တွေကို ဆန်းသစ်ခြင်း၊ မက်ဒေါ်နယ်အရောင်းဆိုင်တွေကို ပုံစံသစ်ပြုပြင်တည်ဆောက်ခြင်းနဲ့ မက်ဒေါ်နယ် အစားအစာတွေမှာ ပိုမိုကောင်းမွန်တဲ့ ပါဝင်ပစ္စည်းများ အသုံးပြခြင်းတို့နဲ့အတူ အကြီးအကျယ် နာမည်ကောင်းရပြီး ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။ အမေရိကန်မှာ မက်ဒေါ်နယ်ကို စတိဗ် ဦးဆောင်ခဲ့တဲ့ ကာလအတွင်း ကုမ္ပဏီရဲ့ စတော့ရှယ်ယာတန်ဖိုး နှစ်ဆကျော် မြင့်တက်ခဲ့ပါတယ်။

စတိဗ်ရဲ့ ဦးဆောင်မှုအောက်မှာပင် မက်ဒေါ်နယ်ဟာ အိမ်အရောက်ပို့ဆောင်တဲ့ ဝန်ဆောင်မှုနဲ့ မိုဘိုင်းဖုန်းဖြင့် ငွေပေးချေမှုတို့ကိုလည်း တိုးချဲ့ခဲ့ပြီး စားသုံးသူတွေ အဆင်ပြေစေရန် အလေးပေးဆောင်ရွက်ခဲ့ပါတယ်။ စတိဗ်ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း မက်ဒေါ်နယ်ရဲ့ ရှယ်ယာတန်ဖိုး ကျဆင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

(Photo: Alyssa Schukar/AP)

ကမ္ဘ့အကြီးဆုံး စားသောက်ဆိုင်လုပ်ငန်းစုကြီးရဲ့ ဘုတ်အဖွဲ့က သုံးသပ်မှုပြလုပ်ခဲ့ပြီးနောက် စတိဗ်ကို ရာထူးမှထုတ်ပယ်ရန် သောကြာနေ့ (နိုဝင်ဘာ ၁ ရက်) က မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ မက်ဒေါ်နယ်က အမှုဆောင်အရာရှိချုပ် စတိဗ်ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း တနင်္ဂနွေနေ့ (နိုဝင်ဘာ ၃ ရက်) ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့ Daily Mail က ဖော်ပြပါတယ်။

မက်ဒေါ်နယ်က စတိဗ်ရဲ့နေရာမှာ အမေရိကန်နိုင်ငံဆိုင်ရာ မက်ဒေါ်နယ် အကြီးအကဲ ခရစ်ကမ့်ဇင်စကီးကို အစားထိုးခန့်အပ်သွားမယ်လို့ ဆိုပါတယ်။ မက်ဒေါ်နယ်ရဲ့ စည်းမျဥ်းစည်းကမ်းများအရ စီမံခန့်ခွဲမှုအဆင့်မှ ဦးဆောင်သူတွေဟာ ၎င်းတို့ရဲ့ လက်အောက်ဝန်ထမ်းတစ်ဦးနဲ့ ချစ်ကြိုက်မှုကို တားမြစ်ထားပါတယ်။ ထိုတားမြစ်ချက်ကို ချိုးဖောက်ပါက အလုပ်မှထုတ်ပယ်နိုင်ပါတယ်။

(မက်ဒေါ်နယ် အမှုဆောင်အရာရှိချုပ် ဖြစ်လာမည့် ခရစ်ကမ့်ဇင်စကီး) (Photo: Richa Naidu/Reuters)

ဥပဒေရေးရာ ဝန်ဆောင်မှုကုမ္ပဏီ Slater and Gordon မှ ဝန်ထမ်းခန့်အပ်မှုဆိုင်ရာ ရှေ့နေ ရူဘီဒင်စ်မိုးရ်ရဲ့ အဆိုအရ ယခုအခါ စီးပွားရေးလုပ်ငန်းတွေဟာ ထိုသို့ ချစ်ကြိုက်မှုတွေကို ရှင်းရှင်းလင်းလင်း တားမြစ်ကြကြောင်း သို့မဟုတ် အချစ်ဇာတ်လမ်းတွေရှိပါက ထုတ်ဖော်ပြောရန် သတိပေးစာ ပေးပို့ရန်လိုအပ်တဲ့ ဝန်ထမ်းတွေထံ ပေးပို့ခြင်းဟာ ပုံမှန်ဖြစ်ကြောင်းလည်း သိရပါတယ်။ အချစ်ဇာတ်လမ်းတွေကနေ လမ်းခွဲပြတ်စဲကြပါက အကျိုးစီးပွား အငြင်းပွားမှုတွေနဲ့ တရားစွဲဆိုမှုတွေ ဖြစ်လာနိုင်ခြေရှိမှုဟာ ကုမ္ပဏီတွေအတွက် အမှန်တစ်ကယ် အန္တရာယ်တစ်ရပ်ဖြစ်တယ်လို့ သူမက BBC သတင်းဌာနကို ပြောပါတယ်။

(ရှေ့နေ ရူဘီဒင်စ်မိုးရ်) (Photo: BBC)

"လူတချို့ကတော့ ဒါက ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးမှုတစ်ခုလို့ ထင်မြင်ကြဖွယ်ရှိပါတယ်၊ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေမှာက သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ကလည်း ရှိနေပါတယ်" လို့ ရှေ့နေရူဘီက ဆိုပါတယ်။ "MeToo ကိစ္စကလည်း ရှိထားခဲ့တော့ ကုမ္ပဏီတွေအနေနဲ့က ဒီလိုအခြေအနေမျိုးအတွက် မူဝါဒ စည်မျဥ်းစည်းကမ်းတစ်ခု ရှိထားဖို့သာမက ဒါကို ဝန်ထမ်းအဆင့်တိုင်းမှာ သက်ရောက်လိုက်နာမှုရှိစေဖို့လည်း စိတ်အားထက်သန်ကြပါတယ်" လို့ သူမက ဆက်လက် ပြောပါတယ်။

(မက်ဒေါ်နယ် တည်ထောင်သူနှစ်ဦး) (Photo: Wikipedia)

အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့မှာ ရုံးချုပ်ဖွင့်လှစ်ထားတဲ့ မက်ဒေါ်နယ် အမြန်ပြင်အစားအစာလုပ်ငန်းစုကြီးကို ၁၉၄၀ ပြည့်နှစ်အတွင်း ရစ်ချတ်နဲ့ မူရစ် မက်ဒေါ်နယ်တို့က ကယ်လီဖိုးနီးယားပြည်နယ် စန်ဘာနာဒီနိုမြို့မှာ စားသောက်ဆိုင်တစ်ဆိုင်အဖြစ် စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ သက်တမ်း ၇၉ နှစ်ရှိပြီ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် စာရင်းအချက်အလက်တွေအရ ကမ္ဘာတစ်ဝှမ်း နိုင်ငံ ၁၀၀ ကျော်မှာ မက်ဒေါ်နယ်ဆိုင်ပေါင်း ၃၇,၈၅၅ ဆိုင် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနှစ်စောင်အရ မက်ဒေါ်နယ်ဟာ ကမ္ဘာတစ်ဝှမ်း ဝန်ထမ်း ၁.၇ သန်းရှိပြီး ဝန်ထမ်း ၂.၃ သန်းရှိတဲ့ Walmart စတိုးဆိုင်လုပ်ငန်းပြီးပါက ကမ္ဘာ့ဒုတိယအကြီးဆုံး ပုဂ္ဂလိကလုပ်ငန်းဖြစ်တယ်လို့ ဆိုပါတယ်။



က္က