တတိယမြောက်ဇနီးအဖြစ် လက်ထပ်ရန်ရည်ရွယ်ခဲ့တဲ့ အမျိုးသမီးရဲ့ခင်ပွန်းကို သတ်ခဲ့တာပါ။

အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို တတိယမြောက်ဇနီးအဖြစ် လက်ထပ်ရန်ရည်ရွယ်ခဲ့ပြီးနောက် ထိုအမျိုးသမီးရဲ့ ခင်ပွန်းကို အချစ်ပြိုင်ဘက်အဖြစ် ရှုမြင်ကာ လူငှားရမ်းပြီးသတ်ခဲ့တဲ့ အိန္ဒိယစားသောက်ဆိုင်လုပ်ငန်းရှင် သူဌေးကြီး ထောင်ဒဏ်တစ်သက်ကျခံရကြောင်း သိရပါတယ်။

(Photo: Arun Sankar/AFP/Getty Images)

ကမ္ဘာတစ်ဝှမ်း အိန္ဒိယစားသောက်ဆိုင် အများအပြား ဖွင့်လှစ်ထားတဲ့ အဆိုပါ သူဌေးကြီးက ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပြီးနောက် ဇူလိုင် ၉ ရက်နေ့က တရားရုံးမှာ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပြီး ထောင်ဒဏ်တစ်သက် စတင်ကျခံခဲ့တယ်လို့ ဆိုပါတယ်။



ပီရာဂျာဂိုပယ်လ် အမည်ရှိ စားသောက်ဆိုင်လုပ်ငန်းရှင် သူဌေးကြီးဟာ အလွန်ဆင်းရဲတဲ့ဘဝမှ ချမ်းသာကြွယ်ဝလာခဲ့ပြီး Saraana Bhavan အမည်ဖြင့် အိန္ဒိယစားသောက်ဆိုင် ၈၀ ကျော်ကို အိန္ဒိယနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။ Saraana Bhavan စားသောက်ဆိုင်တွေကို လန်ဒန် Leicese Square၊ နယူးယော့ခ် Lexington Aenue၊ စင်ကာပူ၊ ဆစ်ဒနီ၊ စတော့ဟုမ်း အစရှိတဲ့ ကမ္ဘာ့မြို့ကြီးတွေမှာ ဖွင့်လှစ်ရောင်းချနေတာ ဖြစ်ပါတယ်။

(Photo: Arun Sankar/AFP)

ဂိုပယ်လ်ဟာ လူသတ်မှုအတွက် ၎င်းကိုချမှတ်ထားတဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံရခြင်းမှ လွတ်မြောက်နိုင်ရန် ၁၅ နှစ်ကြာ ကြိုးပမ်းနေခဲ့ပြီး ယခုနောက်ဆုံး ပြစ်ဒဏ်လျော့ပေါ့ပေးရန် အယူခံဝင်ခဲ့ပေမဲ့ အယူခံမအောင်ခဲ့ပါဘူး။ ဂိုပယ်လ်က ၎င်းရဲ့ တတိယမြောက်ဇနီးအဖြစ် လက်ထပ်လိုတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူကို သတ်ခဲ့မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အသတ်ခံရတဲ့ အမျိုးသားဟာ ဂိုပယ်လ်ရဲ့ စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးလည်း ဖြစ်တယ်လို့ဆိုပါတယ်။

၎င်းရဲ့ ဗေဒင်ဆရာက အကြံပေးမှုအရ အဆိုပါ အမျိုးသမီးကို တတိယမြောက် ဇနီးအဖြစ် လက်ထပ်ရန် ဂိုပယ်လ်က စီစဉ်ခဲ့တာဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ် ပီရာဂျာဂိုပယ်လ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဇူလိုင် ၇ ရက်) မှာ ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကို စတင်ကျခံရမှာ ဖြစ်ပေမဲ့ ကျန်းမာရေးအကြောင်းပြချက်ဖြင့် နောက်ဆုံး အယူခံဝင်ခဲ့ပါတယ်။

(Photo: India Today)

ထိုအယူခံကို နယူးဒေလီမြို့ရှိ တရားရုံးချုပ်က ယမန်နေ့မှာ ပယ်ချခဲ့ပြီးနောက် တရားသူကြီးတွေက စားသောက်ဆိုင်ပိုင်ရှင် သူဌေးကြီးကို ချက်ချင်း လာရောက်အဖမ်းခံရန် အမိန့်ထုတ်ပြန် ညွန်ကြားလိုက်တာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဂိုပယ်လ်က ၎င်းရဲ့ဇာတိ အိန္ဒိယတောင်ပိုင်း တမီလ်နာဒူးပြည်နယ် ချင်နိုင်းမြို့ရှိ မက်ဒရက်စ်တရားရုံးမှာ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။

ဂိုပယ်လ်က တရားရုံးသို့ အရေးပေါ် လူနာတင်ကားဖြင့် ရောက်ရှိလာခဲ့ပြီး အောက်စီဂျင်မျက်နှာဖုံး တပ်ဆင်ထားတာ တွေ့ရတယ်လို့ AFP သတင်းက ပြောပါတယ်။ အိန္ဒိယတောင်ပိုင်းလက်ရာ ဟင်းလျာတို့ဖြင့် ကျော်ကြားခဲ့တဲ့ စားသောက်ဆိုင်လုပ်ငန်းကို တည်ထောင်နိုင်ခဲ့တဲ့ ဂိုပယ်လ်ရဲ့ ဘဝဟာ ၎င်းလက်အောက်မှ ဝန်ထမ်းတစ်ဦးရဲ့ ဇနီးကို လက်ထပ်ယူရန် စီစဉ်ခဲ့ရာမှ အစပြုပြီး ကမောက်ကမ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဂိုပယ်လ်က အဆိုပါ အမျိုးသမီးဟာ ၎င်းကို ပိုမိုအောင်မြင်စေမယ်လို့ပင် ယုံကြည်ထားခဲ့ပါတယ်။

(Photo: London Cheap Eats)

"သူက အဲဒီ အမျိုးသမီးကို စွဲလန်းနေခဲ့တာ" လို့ ချင်နိုင်းအခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သူ ဒီဆူရတ်ကူးမားက AFP ကို ပြောပါတယ်။ အသက် ၂၀ ကျော်အရွယ် အဆိုပါ အမျိုးသမီးဟာ အိမ်ထောင်ရှိသူဖြစ်ပြီး ဂိုပယ်လ်ရဲ့ ချဉ်းကပ်မှုတွေကို ငြင်းပယ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ဂိုပယ်လ်က အမျိုးသမီးကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်အကျပ်ကိုင်မှုနဲ့ အောက်လမ်းနည်းများပင် အသုံးပြုခဲ့ပါတယ်။

သို့သော် ထိုသို့ လုပ်ဆောင်မှုတွေနဲ့လည်း မအောင်မြင်ခဲ့ပြီးနောက် စားသောက်ဆိုင်ပိုင်ရှင် ဂိုပယ်လ်က သေနတ်သမားတစ်ဦး ငှားရမ်းကာ အမျိုးသမီးရဲ့ခင်ပွန်းကို သတ်ပစ်ရန် စီစဉ်ခဲ့ပါတယ်။ ပထမတစ်ကြိမ် သတ်ရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ထိုအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူအလောင်းကို တမီလ်နာဒူးပြည်နယ် တောအုပ်တစ်ခုထဲမှာ တွေ့ခဲ့ကြရပါတယ်။

(Photo: India Today)

ထိုလူသတ်မှုအတွက် ဂိုပယ်လ်ကို ၂၀၀၄ ခုနှစ်အတွင်း တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ဂိုပယ်လ်က ထောင်ဒဏ် ၁၀ နှစ်ကို အယူခံဝင်ချိန်မှာ တရားရုံးက ပြစ်ဒဏ်ကို တိုးမြှင့်ခဲ့ပြီး ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းလဲချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဂိုပယ်လ်ကို ချမှတ်ထားတဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကို အိန္ဒိယတရားရုံးချုပ်ကလည်း ယခုနှစ် မတ်လအတွင်း အတည်ပြုခဲ့ကြောင်း သိရပါတယ်။

နောက်ဆက်တွဲသတင်း - အချစ်ပြိုင်ဘက်ကို သတ်မှုဖြင့် ထောင်တစ်သက်ကျတဲ့ အိန္ဒိယသူဌေးကြီး နှလုံးရောဂါဖြင့် သေဆုံး


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က