အာဒိုဂန်အတွက် နိုင်ငံရေးအရ အဓိက ထိုးနှက်ချက်လို့ ဆိုနိုင်ပါတယ်။
Ko John

တူရကီနိုင်ငံမှာ နောက်တစ်ကြိမ် အသစ်ပြန်လည်ပြုလုပ်ခဲ့တဲ့ အစ္စတန်ဘူလ်မြို့တော်ဝန် ရွေးကောက်ပွဲမှာ သမ္မတအာဒိုဂန်ရဲ့ အာဏာရပါတီမှ ကိုယ်စားလှယ်လောင်း ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

(အစ္စတန်ဘူလ်မြို့တော်ဝန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သည့် Ekrem Imamoblu) (Photo: Reuters)

တနင်္ဂနွေနေ့ (ဇွန် ၂၃ ရက်) က နောက်တစ်ကြိမ် ပြန်လည်ပြုလုပ်ခဲ့တဲ့ အစ္စတန်ဘူလ်မြို့တော်ဝန် ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံပါတီမှ ကိုယ်စားလှယ်လောင်း Ekrem Imamoblu က အနိုင်ရခဲ့မှုဟာ သမ္မတအာဒိုဂန်အတွက် နိုင်ငံရေးအရ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

မဲလက်မှတ်အားလုံးနီးပါး (၉၉ ရာခိုင်နှုန်း) ကို ရေတွက်ပြီးစီးချိန်မှာ အတိုက်အခံပါတီ ကိုယ်စားလှယ်လောင်းက မဲရေအတွက် ၅၄ ရာခိုင်နှုန်း (၇၇၅,၀၀၀ မဲ) ရရှိထားပြီး အာဏာရပါတီ AKP ကိုယ်စားလှယ်လောင်း Binali Yildirim က ၄၅ ရာခိုင်နှုန်းရရှိခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

(အာဏာရပါတီကိုယ်စားလှယ်လောင်း Binali Yildirim) (Photo: Reuters)

အတိုက်အခံ ကိုယ်စားလှယ်လောင်း Ekrem Imamoblu ဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ပထမအကြိမ် ပြုလုပ်ခဲ့တဲ့ အစ္စတန်ဘူလ်မြို့တော်ဝန် ရွေးကောက်ပွဲမှာလည်း သမ္မတအာဒိုဂန်ရဲ့ပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်သူ Binali Yildirim ထက် မဲအရေအတွက် ၁၃,၀၀၀ ပိုမိုရရှိခဲ့ပြီး ကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။ သို့သော် ရှုံးနိမ့်ခဲ့တဲ့ Binali Yildirim က အဆိုပါ ရလဒ်တွေကို လက်မံကြောင်းဖြင့် အရေးဆိုခဲ့ရာမှ ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်ရန် ညွန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

ယခုတစ်ကြိမ် ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာရာမှာတော့ တူရကီဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူ Binali Yildirim က ၎င်း ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ သမ္မတအာဒိုဂန်ကလည်း အစ္စတန်ဘူလ်မြို့တော်ဝန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Ekrem Imamoblu ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

(သမ္မတအာဒိုဂန် မဲပေးခဲ့စဉ်) (Photo: AFP)

"ပဏာမ ရလဒ်တွေအရ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ Ekrem Imamoglu အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်" လို့ အာဒိုဂန်က Twitter မှာ ရေးသားထားပါတယ်။ "အစ္စတန်ဘူလ်မှာ အနိုင်ရသူဟာ တူရကီမှာ အနိုင်ရတာပဲ" လို့ ပြောထားခဲ့ဖူးတဲ့ သမ္မတအာဒိုဂန်အတွက် အစ္စတန်ဘူလ်မြို့တော်ဝန်ရွေးကောက်ပွဲမှာ ၎င်းရဲ့ပါတီက ရှုံးနိမ့်ခဲ့မှုဟာ နိုင်ငံရေးအရ အဓိက ထိုးနှက်ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ အာဒိုဂန်က အစ္စတန်ဘူလ်ဇာတိဖြစ်ပြီး မြို့တော်ဝန်လည်း ဖြစ်ခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ Ekrem Imamoglu က မြို့တော်နဲ့နိုင်ငံအတွက် အသစ်စတင်ပြီလို့ အောင်ပွဲခံမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ အစ္စတန်ဘူလ်မှာ စာမျက်နှာသစ် ဖွင့်လှစ်လိုက်ပါပြီ၊ ဒီစာမျက်နှာသစ်ပေါ်မှာ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ချစ်ခြင်းမေတ္တာတွေ ရှိနေပါလိမ့်မယ်" လို့ ၎င်းကဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က