Lockdown လုပ်ထားမှုကြောင့် စီးပွားရေးနဲ့ လူမှုရေး ထိခိုက်မှုတွေ လျှော့ချရန်ဖြစ်ပါတယ်။
Ko John

အစ္စရေး၊ တောင်ကိုရီးယားနဲ့ အခြား နိုင်ငံအချို့က COVID-19 တိုက်ဖျက်ရေး အစီအမံတွေကြောင့် စီးပွားရေးနဲ့ လူမှုရေး ထိခိုက်မှုတွေ လျှော့ချရန်အတွက် ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားမှုများ စတင်ဖြေလျှော့ပေးသွားမယ်လို့ သိရပါတယ်။

(Photo: Oded Balilty/AP)

အစ္စရေးနိုင်ငံမှာ တစ်ပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း နှေကွေးနေခဲ့ပြီးနောက် အစိုးရက ပြီးခဲ့တဲ့ ငါးပတ်ကြာ ပိတ်ပင်ကန့်သတ်ထားမှုတွေကို ဖြေလျှော့ပေးခဲ့ကြောင်း ယမန်နေ့ (ဧပြီ ၁၉ ရက်) မှာ ကြေညာခဲ့ပါတယ်။ အစ္စရေးမှာ ကုန်မာဆိုင်များ၊ လျှပ်စစ်ပစ္စည်းနဲ့ ရုံးသုံးကိရိယာအရောင်းဆိုင်များကို တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။

ထို့အတူ လူ ၁၉ ဦးအထိ တစ်ဦးနဲ့တစ်ဦး ၆ ပေခွာပြီး စုရုံးဝတ်ပြုမှုတွေကို အစ္စရေးအစိုးရက ပြန်လည်ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ အစ္စရေးမှာ အများပြည်သူ နေ့စဥ် လေ့ကျင့်ခန်းလုပ်ရန် အကွာအဝေးကိုလည်း နေအိမ်ကနေ မိုင်ဝက်အအထိ ခွင့်ပြုလိုက်ပြီလို့ ဆိုပါတယ်။

(Photo: Avshalom Sassoni/Flash90)

သို့သော် မူကြိုအပါအဝင် စာသင်ကျောင်းများ၊ ဆံပင်ညှပ်ဆိုင်များနဲ့ ဈေးဝယ်စင်တာတွေကိုတော့ ဆက်လက် ပိတ်ထားဆဲဖြစ်ပြီး အစ္စရေးပြည်သူများ လူအများကြားသွားလာပါက mask တပ်ရမှာဖြစ်ပါတယ်။ ကန့်သတ်ညွှန်ကြားချက်တွေကို မလိုက်နာပါက ငွေဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။ လူဦးရေ ၉ သန်းရှိတဲ့ အစ္စရေးနိုင်ငံမှာ ယမန်နေ့ ညပိုင်းအထိ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃,၃၆၂ ဦး၊ သေဆုံးသူ ၁၇၁ ဦးနဲ့ ပြန်လည်သက်သာသူ ၃,၅၆၄ ဦးရှိခဲ့ပါတယ်။

(Photo: Lee Jin-man/AP)

အစ္စရေးကဲ့သို့ပင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျသွားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း lockdown အစီအမံအချို့ကို ဖြေလျှော့ပေးခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားမှာ ဧပြီ ၁၉ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိရမှု ၈ ဦးသာရှိခဲ့ပြီး ၂ လအတွင်း နေ့စဥ် ကူးစက်မှုနှုန်း အနည်းဆုံးဖြစ်လာခဲ့ပါတယ်။

အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေကို ပြန်ဖွင့်ပေးရန် အစိုးရက စဥ်းစားမှာဖြစ်ပြီး စားသောက်ဆိုင်များ ပြန်ဖွင့်နိုင်ကြောင်းနဲ့ ဘောလုံးပြိုင်ပွဲကဲ့သို့ အားကစားပွဲစဥ်တွေကို ပရိသတ်မပါဘဲ ပြန်လည်ကျင်းပခွင့်ပြုမယ်လို့ တောင်ကိုရီးယားဝန်ကြီးချုပ် Chung Sye-kyun က ပြောပါတယ်။

တောင်ကိုရီးယားမှာ COVID-19 တိုက်ဖျက်ရေး အခြား အစီအမံတွေကိုတော့ လာမယ့် မေလ ၅ ရက်နေ့အထိ တိုးချဲ့သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ ယမန်နေ့ ညပိုင်းအထိ စာရင်းတွေအရ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀,၆၆၁ ဦး၊ သေဆုံးသူ ၂၃၄ ဦးနဲ့ ပြန်လည်သက်သာသူ ၄,၃၃၈ ဦးရှိခဲ့ပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း ဥရောပနိုင်ငံအချို့ဖြစ်တဲ့ ဂျာမနီ၊ အယ်လ်ဘေးနီးယားနဲ့ နယူးဇီလန်တို့မှာလည်း COVID-19 တိုက်ဖျက်ရေး lockdown စီမံဆောင်ရွက်မှုတွေကို သတိထားပြီး ဖြေလျှော့ပေးရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ ဩစတြီးယားမှာလည်း ဆိုင်အများအပြား ပြန်ဖွင့်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ အဆိုးဆုံးဖြစ်ပွားခဲ့တဲ့ ဥရောပမှ အီတလီနဲ့ စပိန်မှာလည်း lockdown အစီအမံတွေကို စတင်ဖြေလျှော့ပေးမှုတွေရှိပါတယ်။ ယမန်နှစ် ဒီဇင်ဘာလအတွင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ ဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်န်အထိ ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူ ၁၆၂,၉၅၈ ဦးအထိရှိခဲ့ပြီး လူဦးရေ ၂ သန်းကျော် (၂,၃၆၇,၆၈၉ ဦး) ကူးစက်ခံခဲ့ရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသူ ၆ သိန်းကျော် (၆၁၀,၀၀၀ ဦး) ရှိခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: Héctor Retamal/AFP via Getty Images)

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ မူလရင်းမြစ်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန် အပါအဝင် အနောက်အုပ်စု အင်အားကြီးနိုင်ငံများကြား အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ အမေရိကန်က ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့ကြောင်း ယူဆထားမှုအချို့ရှိနေပြီး စုံစမ်းစစ်ဆေးနေကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောထားပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တရုတ်မှာတာဝန်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါက တရုတ်အနေနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့လည်း ထရန့်က သတိပေးထားပါတယ်။ တရုတ်အစိုးဘက်ကတော့ ဗိုင်းရပ်စ်ဟာ ၎င်းတို့ရဲ့ ဓာတ်ခွဲခန်းမှ ထွက်လာခဲ့ကြောင်း သတင်းတွေကို ပယ်ချထားပါတယ်။

Source: CNN, Time, The Guardian


က္က