ဆန္ဒပြသူတွေက ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က လူစုခွဲရန် မျက်ရည်ယိုဗုံးများသုံးခဲ့ပါတယ်။

ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူများ ထိပ်တိုက်တွေ့ ပဋိပက္ခများပေါ်ပေါက်ကာ ဓာတ်ဆီပုလင်းဗုံးနဲ့ မျက်ရည်ယိုဗုံးများ အပြန်အလှန်ပစ်ပေါက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

(Photo: AFP)

တနင်္ဂနွေနေ့ (အောက်တိုဘာ ၂၀ ရက်) အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း ထောင်သောင်းချီတဲ့ ဆန္ဒပြလူအုပ်စုကြီး ပါဝင်ခဲ့ပြီး ရာနဲ့ချီတဲ့ ဈေးဆိုင်ခန်းများ ဖျက်ဆီးခံရကာ တရုတ်ဘဏ်များနဲ့ မြေအောက်ရထားဘူတာရုံများ ပစ်မှတ်ထားခံခဲ့ရတယ်လို့ Reuters သတင်းက ပြောပါတယ်။



သီတင်းနှစ်ပတ်ကြာ အတန်ငယ်ငြိမ်သက်နေခဲ့ပြီးနောက် ကြီးမားတဲ့ စုရုံးချီတက် ဆန္ဒပြမှုတွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး ဆန္ဒပြသူတွေကို ထောက်ခံမှုရှိနေဆဲဖြစ်ကြောင်နဲ့ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့နဲ့ ဆက်လက် ထိပ်တိုက်တွေ့သွားမယ့် အခြေအနေကို ပေါ်လွင်စေခဲ့ပါတယ်။

(Photo: Reuters)

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေက Nathan လမ်းမပေါ်မှာ မီးရှို့ထားတဲ့ အတားအဆီးများဖြင့် ပိတ်ဆို့ထားခဲ့ပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ အစောပိုင်းမှာ ဆန္ဒပြသူတွေက Tsim Sha Tsui ရဲစခန်းအနီး ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က လမ်းမများပေါ်ရှိ ဆန္ဒပြသူတွေကို လူစုခွဲရန် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ရေအမြောက်ထရပ်ကားတစ်စီးကလည်း အပြာရောင်ရေများဖြန်းပက်ကာ ဆန္ဒပြလူအုပ်ကို လူစုခွဲခဲ့ရာ ရာနဲ့ချီတဲ့ ဆန္ဒပြသူများ ထွက်ပြေးခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ခွဲခြားသိရှိနိုင်ရန် အပြာရောင်ရေများ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ဒါဇင်နဲ့ချီတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကားတွေက ရေအမြောက်ထရပ်ကားနဲ့အတူ Nathan လမ်းမတစ်လျှောက် မောင်းနှင်နေရာယူလာခဲ့ပါတယ်။ ရေအမြောက်ဖြန်းပက်မှုကို အပြင်းအထန် အသုံးပြုခဲ့ရာ လူအများအပြား ရေမွန်းပြီး ချောင်းဆိုးမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရေအမြောက်ဖြင့်ဖြန်းပက်တဲ့ ရေတွေထဲမှာ အရေပြားယားယံမှု ဖြစ်စေနိုင်တဲ့ပစ္စည်းတစ်မျိုး ရောစပ်ထားကြောင်း ခန့်မှန်းပြောဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဟောင်ကောင်မှာ ယခုရက်ပိုင်းအတွင်း ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦး တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

(Photo: Reuters)

ဟောင်ကောင်မှာ အာဏာပိုင်တွေက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။ 


Share

Loading Next Article...
က္က