ဘီစီ ၅၈၀၀ နဲ့ ၅၆၀၀ ကြား အချိန်ကာလမှ ဖြစ်ပါတယ်။

ကမ္ဘာ့သက်တမ်းအရင့်ဆုံး သဘာဝပုလဲကို အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီမြို့တော် ကမ်းလွန်ရှိ ကျွန်းတစ်ကျွန်းပေါ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ပေါင်း ၈,၀၀၀ သက်တမ်းရှိတဲ့ ပုလဲကို မာရာဝါဟ်ကျွန်းမှာ မြေတူးဖော်စဉ် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါကျွန်းဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ အစောဆုံးခေတ်မှ ဗိသုကာလက်ရာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ယခုတွေ့ရှိမှုဟာ ကျောက်ခေတ်ရဲ့နောက်ဆုံးအပိုင်းအခြားဖြစ်တဲ့ Neolithic အချိန်တွေကတည်း ဒေသတွင်းမှာ ပုလဲရောင်းဝယ်မှုရှိခဲ့ကြောင်း သက်သေအထောက်အထားဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မာရာဝါဟ်ကျွန်းမှာတွေ့ရတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပုလဲကို အဘူဒါဘီမြို့ရှိ Louvre ပြတိုက်မှာ ယခုလနှောင်းပိုင်းမှစပြီး ထားရှိပြသသွားမယ်လို့ သိရပါတယ်။

"ကမ္ဘာမှာ သက်တမ်းအရင့်ဆုံး ပုလကို အဘူဒါဘီမှာတွေ့ရတာက ကျွန်တော်တို့ရဲ့ လက်ရှိ စီးပွားရေးနဲ့ ယဉ်ကျေးမှုဟာ သမိုင်းမတိုင်မီခေတ်ကတည်းက အခိုင်အမာ ထွန်းကားနေခဲ့တယ်ဆိုတာ သိသာထင်ရှားစေပါတယ်" လို့ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဌာန အကြီးအကဲ မိုဟမ်မက်ခါလီဖာ အယ်လ်မူဘာရတ်ခ်က ပြောပါတယ်။

(Louvre Abu Dhabi ပြတိုက်) (Photo: CNN)

ရှေးဟောင်းသုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တဲ့ ပုလဲကို radiocarbon အချိန်ကာလ သတ်မှတ်စနစ်သုံးပြီး စစ်ဆေးခဲ့ရာ ဘီစီ ၅၈၀၀ နဲ့ ၅၆၀၀ ကြား အချိန်ကာလမှဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ "အဘူဒါဘီ ပုလဲ" လို့ အမည်ပေးထားတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပုလဲကို Louvre Abu Dhabi ပြတိုက်မှာ အောက်တိုဘာ ၃၀ ရက်နေ့ စတင်ဖွင့်လှစ်သွားမယ့် "10,000 Years of Luxury" ပြပွဲအတွင်း ပြသထားမယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

(ပြတိုက်အတွင်းပိုင်း မြင်ကွင်းတစ်ခု) (Photo: Louvre Abu Dhabi)

ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပုလဲ ရှာဖွေတွေ့ရှိခဲ့တဲ့ မာရာဝါဟ်ကျွန်းပေါ်မှာ အစောဆုံး ဗိသုကာလက်ရာတွေဖြစ်တဲ့ ကျောက်တုံးဖွဲ့စည်းတည်ဆောက်ထားမှုများ၊ ကြွေထည်မြေထည်များ၊ ခရုခွံနဲ့ ကျောက်မျက်တို့ဖြင့် ပြုလုပ်ထားတဲ့ ပုတီးစေ့များ၊ မီးခတ်ကျောက် မြားခေါင်းများကို ရှာဖွေတူးဖော်မှုတွေ လုပ်ဆောင်နေခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က