ပင်စင်ခံစားခွင့်များကို အစိုးရက လျှော့ချမယ့်အစီအစဉ်အား သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။

ပါရီမြို့မှာ မြေအောက်ရထားဝန်ထမ်းတွေ ၎င်းတို့ရဲ့ ပင်စင်လစာ ခံစားခွင့်များကို အစိုးရက လျှော့ချမယ့်အစီအစဉ်အား တစ်ရက်ကြာ သပိတ်မှောက်ဆန္ဒပြကြရာ ရထားစီးခရီးသည်များ အခက်အခဲကြုံခဲ့ရပါတယ်။

(Photo: AFP)

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ရဲ့ ပင်စင်လစာ အပြောင်းအလဲအရ ရထားဝန်ထမ်းတွေရဲ့ ပင်စင်လစာ ခံစားခွင့်တွေကို လျှော့ချဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။ ယနေ့ (စက်တင်ဘာ ၁၃ ရက်) မှာ ဝန်ထမ်းများ သပိတ်မှောက်မှုကြောင့် ပါရီမြို့မှာ ပြေးဆွဲနေတဲ့ မြေအောက်ရထားလိုင်း ၁၆ ခုလုံး ရပ်ဆိုင်းသွားခဲ့ပါတယ်။



အခြား ရထားဝန်ဆောင်မှုတွေဟာလည်း အကြီးအကျယ် သက်ရောက်မှုတွေရှိခဲ့ကြောင်း ပါရီမြို့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (RATP) က ပြောပါတယ်။ ပါရီမှာ ရထားလိုင်း အနည်းငယ်မျှသာ ပြေးဆွဲနေဆဲဖြစ်ပြီး များပြားလှတဲ့ လူအုပ်စုတွေက ရထားလမ်းပလက်ဖောင်းမှာ စောင့်ဆိုင်းနေခဲ့ကြတာ တွေ့ရပါတယ်။

(Photo: Reuters)

ရထားစီးရန် အဆင်မပြေတာကြောင့် လုပ်ငန်းခွင်များသို့ စက်ဘီးစီးသွားသူတွေ များပြားခဲ့ပြီး ပါရီမြို့ရှိ စက်ဘီးလမ်းကြောင်းမှာ ယခင်ကထက် စက်ဘီးသွားလာမှု မြင့်တက်လာခဲ့ပါတယ်။ RATP ကလည်း ပါရီမြို့မှာ သွားလာသူတွေအနေနဲ့ ရထားဝန်ဆောင်မှုအစား အခြား ခရီးသွားလာရေး ဝန်ဆောင်မှုကို အသုံးပြုသင့်ကြောင်း ယမန်နေ့ (စက်တင်ဘာ ၁၂ ရက်) မှာ သတိပေးထားခဲ့ပါတယ်။ အချို့ကလည်း အလုပ်ကို လမ်းလျှောက်သွားကြတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

"ကျွန်တော် ဒီနေ့ အလုပ်ကို လမ်းလျှောက်သွားနေပါတယ်၊ လမ်းပေါ်မှာ အနည်းဆုံး လေးနာရီလောက်ရှိနေလိမ့်မယ်" လို့ ပါရီမြို့အနောက်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ကိုင်သူ အသက် ၂၁ နှစ်အရွယ် အန်သော်နီက Reuters သတင်းဌာနကို ပြောပါတယ်။ လုပ်ငန်းခွင်သို့ လျှပ်စစ်စကူတာများ စီးနင်းသွားသူတွေကိုလည်း တွေ့ရကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ပါရီမှာ အလုပ်သမားသမဂ္ဂတွေက ယခု သပိတ်မှောက်မှုကို ၂၀၀၇ ခုနှစ်နောက်ပိုင်း အကြီးကျယ်ဆုံး ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

(Photo: AFP)

သမ္မတမက်ခရွန် အစိုးရလက်ထက်မှာ ပြင်သစ်နိုင်ငံရဲ့ မတူညီတဲ့ ပင်စင်လစာ ခံစားခွင့်စနစ်တွေကို စနစ်တစ်ခုတည်းဖြစ်စေရန် ပြောင်းလဲသွားနိုင်ရေး လုပ်ဆောင်နေမှုအပေါ် အလုပ်သမားသမဂ္ဂတွေက ကန့်ကွက်နေကြပါတယ်။ မြေအောက်ရထားဝန်ထမ်းများ သပိတ်မှောက်မှုကြောင့် ပါရီမြို့ နယ်မြေအတွင်းမှာ ယာဉ်ကြောပိတ်ဆို့နေမှုဟာ ၁၄၅ မိုင်အထိ ရှည်လျားနေခဲ့ပြီး ပုံမှန်ထက် ပိတ်ဆို့မှုထက် နှစ်ဆကျော်ဖြစ်ကြောင်းလည်း သိရပါတယ်။ 

Share

Loading Next Article...
က္က