အသက်တစ်နှစ်အောက် ကလေးတွေကိုတော့ screen တွေ လုံးဝ မပြသင့်ပါဘူး။

အသက်ငါးနှစ်အောက် ကလေးငယ်တွေဟာ တီဗီ၊ ဗီဒီယိုကြည့်ခြင်း သို့မဟုတ် ကွန်ပျူတာဂိမ်းကစားခြင်းကို တစ်နေ့လျှင် တစ်နာရီထက် မပိုသင့်ကြောင်းနဲ့ အသက်တစ်နှစ်အောက် နို့စို့အရွယ် ကလေးငယ်တွေကိုမူ ထိုကဲ့သို့သော အီလက်ထရောနစ် screen များ လုံးဝမပြသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဧပြီ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

(Photo: Getty Images)

WHO က ကလေးငယ်တွေ screen ကြည့်ချိန်နဲ့ပတ်သက်ပြီး ၎င်းရဲ့ ပထမဆုံးအကြိမ် လမ်းညွှန်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အသက်ငါးနှစ်အောက် ကလေးငယ်တွေဟာ ကိုယ်လက်လှုပ်ရှားမှုနဲ့ လုံလောက်တဲ့အိပ်ချိန် ရှိသင့်ကြောင်းလည်း WHO လမ်းညွှန်ချက်မှာ ပြောထားပါတယ်။

ကလေးအရွယ်မှာ ကိုယ်လက်လှုပ်ရှားမှုနဲ့ လုံလောက်တဲ့အိပ်ချိန်ရှိခြင်းက အသက်ကြီးလာပါက အသက်ရှည်စေတဲ့ အလေ့အထကောင်းတွေရှိစေဖို့ အထောက်အကူပြုပြီး အဝလွန်ခြင်းနဲ့ အခြားရောဂါတွေကိုလည်း ကာကွယ်နိုင်တယ်လို့ WHO က ဆိုပါတယ်။

(Photo: Getty Images)

"ကျွန်မတို့ သတိပေးနေတာက အဲဒီ အီလက်ထရောနစ် screen တွေကို ကလေးငယ်တွေ အသုံးပြုချိန်လွန်ကဲနေတာကိုပါ" လို့ WHO မှ ကျွမ်းကျင်သူ ဒေါက်တာဖီအိုနာဘူးလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

WHO က ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်အရ အသက်တစ်နှစ်နဲ့ လေးနှစ်ကြား ကလေးငယ်တွေဟာ တစ်နေ့လျှင် ကိုယ်လက်လှုပ်ရှားမှုအမျိုးမျိုး အနည်းဆုံး သုံးနာရီရှိသင့်ကြောင်း သိရပါတယ်။ အသက်တစ်နှစ်အောက် နို့စို့အရွယ် ကလေးငယ်တွေကတော့ အီလက်ထရောနစ် screen အားလုံးနဲ့ ရှောင်ကြည်ထားသင့်ပြီး ကြမ်းပြင်မှာ လှုပ်လှုပ်ရှားရှား ဆော့ကစားသင့်တယ်လို့ WHO က အကြံပြုထားပါတယ်။

(Photo: Getty Images)

လှုပ်ရှားမှုနည်းခြင်းကြောင့် ကမ္ဘာတစ်ဝှမ်း အဝလွန်သူဦးရေ ပိုမိုများပြားလာကြောင်းလည်း WHO က ပြောခဲ့ပါတယ်။ အဝလွန်မှုကြောင့် အရွယ်မတိုင်မီ သေဆုံးခြင်း၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာရောဂါအချို့ ဖြစ်ပွားစေနိုင်ပါတယ်။

"ဒီလိုမျိုး ရောဂါတွေဖြစ်ပြီး အရွယ်မတိုင်မီ သေဆုံးမှုတွေကို ကာကွယ်ဖို့အတွက် ငယ်စဉ်ကတည်းက စတင်လုပ်ဆောင်ရမှာပါ" လို့လည်း ဒေါက်တာဖီအိုက ပြောပါတယ်။ လက်ရှိမှာတော့ အရွယ်ရောက်ပြီးသူ သုံးဦးမှာတစ်ဦးက အဝလွန်နေကြောင်းနဲ့ အရွယ်ရောက်ပြီးသူ လေးဦးမှာတစ်ဦးက လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိကြောင်း သူမက ဆက်လက် ပြောခဲ့ပါတယ်။

(Photo: Getty Images)

"ကမ္ဘာတစ်ဝှမ်း အသက်ငါးနှစ်အောက် ကလေးငယ် သန်း ၄၀ က အဝလွန်နေကြတယ်၊ ဒီထဲက ၅၀ ရာခိုင်နှုန်းက အာဖရိကနဲ့ အရှေ့တောင်အာရှ ဒေသမှဖြစ်ပါတယ်" လို့ ဒေါက်တာဖီအိုနာက ဆိုပါတယ်။ ထိုအရေအတွက်အရ ကမ္ဘာတစ်ဝှမ်း ကလေးငယ် ၅.၉ ရာခိုင်နှုန်းဟာ အဝလွန်နေတယ်လို့ ဆိုနိုင်ကြောင်း သိရပါတယ်။ တီဗီကြည့်ချိန်များခြင်းနဲ့ ကွန်ပျူတာဂိမ်းကစားခြင်းတို့ဟာ အိပ်ချိန်မလုံလောက်မှုနဲ့ ဆက်နွယ်နေတယ်လို့ WHO က ပြောထားပါတယ်။

WHO အကြံပြုချက်အချို့

အသက်တစ်နှစ်အောက် နို့စို့အရွယ် ကလေးများအတွက်

  • တစ်နေ့လျှင် ဝမ်းလျားမှောက်ချိန် မိနစ် ၃၀ အပါအဝင် ကိုယ်လက်လှုပ်ရှားမှုအချိန်အချို့ရှိသင့်။
  • screen အားလုံးကို မကြည့်သင့်။
  • မွေးကင်းစကလေးတွေအတွက် တစ်မှေးအိပ်စက်မှု အပါအဝင် တစ်နေ့လျှင် ၁၄ နာရီမှ ၁၇ နာရီ အိပ်ချိန်ရှိသင့်။ အသက်လေးလမှ ၁၁ လအရွယ် ကလေးတွေအတွက် တစ်နေ့လျှင် ၁၂ နာရီမှ ၁၆ နာရီ အိပ်ချိန်ရှိသင့်။
  • တစ်ကြိမ်လျှင် လှုပ်ရှားမှုမရှိစေဘဲ တစ်နာရီကျော်ထက် ပိုမထားသင့်။

အသက်တစ်နှစ်နှင့် နှစ်နှစ်အရွယ် ကလေးများအတွက်

  • တစ်နေ့လျှင် အနည်းဆုံး သုံးနာရီ ကိုယ်လက်လှုပ်ရှားမှုရှိသင့်။
  • အသက်တစ်နှစ်အရွယ် ကလေးငယ်များ screen ကြည့်ချိန်မရှိသင့်။ အသက်နှစ်နှစ်အရွယ် ကလေးငယ်များ တစ်နေ့လျှင် screen ကြည့်ချိန် တစ်နာရီအောက်သာရှိသင့်။
  • တစ်နေ့လျှင် တစ်မှေးအိပ်စက်မှု အပါအဝင် အိပ်ချိန် ၁၁ နာရီမှ ၁၄ နာရီရှိသင့်။
  • တစ်ကြိမ်လျှင် လှုပ်ရှားမှုမရှိစေဘဲ တစ်နာရီကျော်ထက် ပိုမထားသင့် သို့မဟုတ် အချိန်ကြာရှည်စွာ ထိုင်မနေသင့်။

အသက်သုံးနှစ်နဲ့ လေးနှစ်အရွယ် ကလေးများအတွက်

  • တစ်နေ့လျှင် အနည်းဆုံး သုံးနာရီ ကိုယ်လက်လှုပ်ရှားမှုရှိသင့်။ အတန်အသင့် သို့မဟုတ် လျင်လျင်မြန်မြန် ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး တစ်ကြိမ်ပါဝင်သင့်။
  • တစ်နေ့လျှင် screen ကြည့်ချိန် အများဆုံး တစ်နာရီအထိသာရှိသင့်။ ထိုထက်နည်းပါက ပိုမိုကောင်းမွန်။
  • တစ်နေ့လျှင် အိပ်ချိန် ၁၀ နာရီမှ ၁၃ နာရီရှိသင့်။ တစ်မှေးအိပ်စက်ခြင်းပါဝင်နိုင်။
  • မလှုပ်မယှက်နေခြင်း တစ်နာရီမကျော်သင့် သို့မဟုတ် အချိန်ကြာရှည် ထိုင်မနေသင့်။

Source: Reuters, BBC, WHO


Share

Loading Next Article...
က္က