ထောင်ဆူပူမှုဟာ ငါးနာရီကြာမြင့်ခဲ့ပါတယ်။

ဘရာဇီး အနောက်တောင်ပိုင်း ပါရာပြည်နယ်ရှိ Altamira အကျဉ်းထောင်မှာ ငါးနာရီကြာ ထောင်ဆူပူအုံကြွမှု ဖြစ်ပွားခဲ့မှုအတွင်း အကျဉ်းသား ၅၂ ဦး သေဆုံးခဲ့ပါတယ်။

(Photo: Reprodução/Twitter)

သေဆုံးခဲ့တဲ့ အကျဉ်းသားတွေအနက် အနည်းဆုံး ၁၆ ဦးဟာ ခေါင်းဖြတ်ခံထားရပြီး အခြား အကျဉ်းသားတွေကတော့ မွန်းကျပ်သေဆုံးခဲ့ကြောင်း အကျဉ်းထောင်အာဏာပိုင်တွေက ပြောပါတယ်။ တနင်္လာနေ့ (ဇူလိုင် ၂၉ ရက်) က ဖြစ်ပွားခဲ့တဲ့ ထောင်ဆူပူမှုအတွင်း အကျဉ်းသားတွေက Altamira အကျဉ်းထောင်ကို မီးရှို့ခဲ့ကြပြီး အာဏာပိုင်တွေ ဝင်ရောက်မလာနိုင်ရန် တားဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။



အကျဉ်းထောင်ဆူပူမှုဟာ ပြိုင်ဘက် လူဆိုးဂိုဏ်းနှစ်ခုမှ အကျဉ်းသားများ ခိုက်ရန်ဖြစ်ပွားကြရာမှ စတင်ဖြစ်ပွားခဲ့ပုံရတယ်လို့ သိရပါတယ်။ ဒေသစံတော်ချိန် မနက် ၇ နာရီဝန်းကျင်မှာ ထောင်ဆူပူမှု စတင်ဖြစ်ပွားခဲ့ပြီး မွန်းတည့်ချိန်ဝန်းကျင်မှာ ပြီးဆုံးခဲ့တယ်လို့ဆိုပါတယ်။ နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ ဘရာဇီးအကျဉ်းထောင်တွေမှာ အလားတူ ဆူပူအုံကြွမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

(Photo: G1 Para)

ဘရာဇီးဟာ ကမ္ဘာမှာ တတိယမြောက် အကျဉ်းသားဦးရေ အများဆုံး နိုင်ငံလည်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အကျဉ်းထောင်တွေမှာ အကျဉ်းသား ၇၀၀,၀၀၀ ခန့်ရှိနေပါတယ်။ ဘရာဇီးအကျဉ်းထောင်တွေမှာ အကျဉ်းသားဦးရေ အဆမတန် များပြားနေပြီး အကျဉ်းကျနေတဲ့ ပြိုင်ဘက် လူဆိုးဂိုဏ်းဝင်များကြား မကြာခဏ ခိုက်ရန်ဖြစ်ပွားရာမှ ထောင်ဆူပူမှုတွေ ပေါ်ပေါက်လေ့ရှိကြောင်း သိရပါတယ်။

(Photo: G1 Para)

ယခု ထောင်ဆူပူမှုဖြစ်ပွားခဲ့တဲ့ Altamira အကျဉ်းထောင်မှာ အကျဉ်းသား ၂၀၀ အထိသာ လက်ခံထားရှိနိုင်တာ ဖြစ်ပေမဲ့ အကျဉ်းသားဦးရေ ၃၁၁ ဦးအထိ ရှိနေခဲ့ကြောင်း ဘရာဇီးသတင်းဌာန Globo က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းကလည်း ဘရာဇီးနိုင်ငံ Amazonas ပြည်နယ်အတွင်းရှိ အကျဉ်းထောင်တွေမှာ ဆူပူအုံကြွမှုတွေ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း အကျဉ်းသား ၅၅ ဦး သေဆုံးခဲ့ဖူးကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က