သံ သတ္တုရိုင်းတွင်းတစ်ခုမှာ ဆည်ကျိုးမှုဖြစ်ခဲ့ပါတယ်။

ဘရာဇီးနိုင်ငံ သတ္တုတွင်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဆည်ကျိုးမှုအတွင်း လူ ၃၀၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သောကြာနေ့ (ဇန်နဝါရီ ၂၅ ရက်) က Minas Gerais ပြည်နယ် Brumadinho မြို့အနီးမှာရှိတဲ့ သံ သတ္တုရိုင်းတွင်းတစ်ခုမှာ ဆည်ကျိုးမှုဖြစ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်နေ့အထိ လူ ၃၄ ဦး သေဆုံးကြောင်း အတည်ပြုထားပါတယ်။

(Photo: Reuters)

သတ္တုတွင်းလုပ်သားတွေက ကိုယ်တိုင်ယူစားသောက်ဆိုင်မှာ နေ့လယ်စာစားနေစဉ် ဆည်ကျိုးမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက စက်ယန္တရားများသုံးပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း သိရပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Romeu Zema က ဆည်ကျိုးမှုအတွင်း ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ပြန်ရှာတွေ့နိုင်ရန် အခွင့်အလမ်း အနည်းငယ်ရှိသာရှိတယ်လို့ ဆိုပါတယ်။



(Photo: Reuters)

ဘရာဇီးရဲ့ အကြီးဆုံး သတ္တုတူးဖော်ရေးကုမ္ပဏီ Vale က ပိုင်ဆိုင်တဲ့ဆည် ကျိုးပေါက်ခဲ့ရတဲ့ အကြောင်းရင်းကို အတိအကျ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ Feijao သံ သတ္တုတွင်းအနီးရှိ ဆည်ဟာ ဇန်နဝါရီ ၂၅ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ကျိုးပေါက်သွားခဲ့ပြီး ဆည်အောက်ဖက်ရှိ နေရာများမှာ ရွှံ့ရေများဖုံးလွှမ်းသွားခဲ့ပါတယ်။ အဆိုပါဆည်ကို ၁၉၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သတ္တုတွင်းမှ အကြွင်းအကျန်များ ထိန်းသိမ်းထားရန် အသုံးပြုခဲ့ပါတယ်။

(Photo: Xinhua)

ဆည်ကျိုးမှုဖြစ်ပွားချိန်မှာ လူဦးရေ ၁၀၀ နဲ့ ၁၅၀ ကြားက ဆည်နဲ့အနီးဆုံးရှိ ကုမ္ပဏီရဲ့အုပ်ချုပ်ရေးရုံးခန်းတွေမှာ အလုပ်လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဆည်ကျိုးမှုဖြစ်ပြီးနောက် အစိုးရရှေ့နေတွေက သတ္တုတွင်းလုပ်သားတွေ ကူညီထောက်ပံ့ရန်နဲ့ အပျက်အစီးများ ရှင်းလင်းဆောင်ရွက်ရန်အတွက် Vale ကုမ္ပဏီပိုင် ဘဏ်အကောင့်များရှိ အမေရိကန်ဒေါ်လာ ၁.၃၃ ဘီလီယံကို ထိန်းချုပ်ထားရန် တရားရုံးမှာ ယနေ့ လျှောက်ထားခဲ့ကြတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: Getty Images)

ဆည်ကျိုးမှုဖြစ်ရပ်ဟာ ဇန်နဝါရီ ၁ ရက်မှာ ဘရာဇီးသမ္မတအဖြစ် စတင်တာဝန်ယူခဲ့တဲ့ Jair Bolsonaro နဲ့ အစိုးရအဖွဲ့အတွက် ပထမဆုံး ဖြေရှင်းရမယ့် အခြေအနေတစ်ရည်း ဖြစ်လာပါတယ်။ ယခု ဆည်ကျိုးမှုဖြစ်ပွားခဲ့တဲ့ Minas Gerais ပြည်နယ်မှာပင် လွန်ခဲ့တဲ့ သုံးနှစ်ကျော်ခန့်ကလည်း Mariana မြို့ရှိ ဆည်တစ်ခုကျိုးပေါက်ခဲ့မှုအတွင်း လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ ဆည်ကျိုးမှုကို ဘရာဇီးမှာဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က