ဘရာဇီးမှာ COVID-19 ကို ထိန်းချုပ်နိုင်ရန် အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၆၈,၀၀၀ နီးပါး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအသစ် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

(Photo: AP)

ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်နေ့ ထုတ်ပြန်မှုအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၆၇,၈၆၀ နဲ့ သေဆုံးသူ ၁,၂၈၄ ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်ပြီးလျှင် ဒုတိယမြောက် ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေတဲ့ ဘရာဇီးမှာ COVID-19 ကို ထိန်းချုပ်နိုင်ရန် အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။



လူဦးရေ ၂၁၂ သန်းရှိတဲ့ ဘရာဇီးနိုင်ငံမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၂ သန်းကျော်နဲ့ သေဆုံးသူ ၈၂,၀၀၀ ကျော်ရှိခဲ့ပါတယ်။ စစ်ဆေးမှု အခြေအနေတွေအရ အမှန်တစ်ကယ် ကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက်ဟာ များစွာပိုမိုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဘရာဇီးနိုင်ငံဟာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ရေး မဟာဗျူဟာချမှတ်ရန် ရုန်းကန်နေခဲ့ရပါတယ်။

(Photo: AFP)

သမ္မတဘိုလ်ဆွန်နာရိုဟာလည်း ကပ်ရောဂါအခြေအနေကို လျှော့ပေါ့ပြောမှုနဲ့ ပြည်နယ်တွေမှာ သတ်မှတ်ဆောင်ရွက်တဲ့ ခပ်ခွာခွာနေရမယ့် စည်းမျဥ်းတွေအပေါ် တိုက်ခိုက်ပြောဆိုမှုတွေကြောင့် ဝေဖန်ခံနေရပါတယ်။ လက်ယာစွန်းဝါဒီ ဘိုလ်ဆွန်နာရိုဟာ ၎င်းကိုယ်တိုင် COVID-19 ကူးစက်ခံခဲ့ရပြီးနောက် ဇူလိုင် ၇ ရက်နေ့ကတည်းက သမ္မတနန်းတော်မှာ အသွားအလာကန့်သတ် နေထိုင်လျက်ရှိပါတယ်။

အသက် ၆၅ နှစ်အရွယ် သမ္မတဘိုလ်ဆွန်နာရိုဟာ နောက်တစ်ကြိမ် စစ်ဆေးခဲ့ရာမှာလည်း COVID-19 တွေ့ရှိနေရဆဲ ဖြစ်တာကြောင့် နောက်ထပ် နှစ်ပတ်ကြာ အသွားအလာကန့်သတ် နေထိုင်ရအုံးမှာဖြစ်ပြီး စီစဥ်ထားတဲ့ ခရီးစဥ်တွေကို ရွှေ့ဆိုင်းလိုက်ကြောင်း သမ္မတနန်းတော်က ယနေ့ (ဇူလိုင် ၂၃ ရက်) ထုတ်ပြန်ခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က