ပြည်ပမှတင်သွင်းလာတဲ့ အစားအစာများအပေါ် စိုးရိမ်ပူပန်မှုတွေရှိနေပြီး ဆိပ်ကမ်းတွေမှာ ပုံမှန်စစ်ဆေးနေပါတယ်။

ဘရာဇီးနိုင်ငံမှ တရုတ်တောင်ပိုင်း ရှန်ကျန်းမြို့သို့ တင်သွင်းလာတဲ့ အေးခဲ ကြက်တောင်ပံတွေမှာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဩဂုတ် ၁၃ ရက်) ပြောပါတယ်။

(Photo: KTLA)

ယခုတွေ့ရှိမှုအရ ဗိုင်းရပ်စ်ပါရှိနေတဲ့ အစားအစာပို့ဆောင်မှုတွေမှတစ်ဆင့် ကူးစက်မှုအသစ်များ ဖြစ်ပွားလာနိုင်ခြင်းအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဒေသဆိုင်ရာ ရောဂါထိန်းချုပ်ရေးဌာနတွေက ပြည်ပမှတင်သွင်းလာတဲ့ အသားနဲ့ ပင်လယ်စာတွေကို ပုံမှန်စစ်ဆေးမှုအရ ဘရာဇီး ကြက်တောင်ပံတွေရဲ့ အပေါ်ယံမှ ဓာတ်ခွဲနမူနာများကို ရယူစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။



ဘေဂျင်းမြို့မှာ တွေ့ရှိလာရတဲ့ ကူးစက်မှုအသစ်တွေဟာ ထိုမြို့ရှိ Xinfadi အစားအစာ လက်ကားဈေးကြီးနဲ့ ဆက်နွယ်နေခဲ့ပြီးနောက် ထိုသို့ ပုံမှန်စစ်ဆေးမှုတွေ ဆောင်ရွက်နေခဲ့ပါတယ်။ အစောပိုင်းရက်မှာလည်း အီကွေဒေါနိုင်ငံမှ တင်သွင်းလာတဲ့ အေးခဲပုဇွန်များပါဝင်တဲ့ အထုပ်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: Rueters)

တရုတ်နိုင်ငံဟာ ပြည်ပမှတင်သွင်းလာတဲ့ အစားအစာများနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေရာ ဆိပ်ကမ်းတွေမှာ ပုံမှန်စစ်ဆေးနေပါတယ်။ ရှန်ကျန်းမြို့မှာ ဗိုင်းရပ်စ်ပါရှိတဲ့ ကြက်တောင်ပံတွေနဲ့ ထိတွေ့နိုင်ခြေရှိခဲ့သူ အားလုံးကို ရှာဖွေစစ်ဆေးခဲ့ပြီး ဗိုင်းရပ်စ်မတွေရကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ယခုသတင်းနဲ့ ပတ်သက်ပြီး ဘေဂျင်းမြို့ရှိ ဘရာဇီးသံရုံးကတော့ လတ်တလော မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

"အေးခဲ ကြက်တောင်ပံထုတ်လုပ်မှုရဲ့ ဘယ်အဆင့်မှာ ဗိုင်းရပ်စ်ကူးစက်သွားလဲဆိုတာ ပြောဖို့ခက်ပါတယ်" လို့ တရုတ်အခြေစိုက် ဘရာဇီးအသားတင်ပို့မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အများပြည်သူအနေနဲ့ ပြည်ပမှတင်သွင်းထားတဲ့ အသားနဲ့ ပင်လယ်စာတွေကနေ ကူးစက်မှုအန္တရာယ်လျှော့ချရန် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ရန်လိုအပ်ကြောင်း Shenzhen Epidemic Prevention and Control Headquarters ပြောခဲ့ပါတယ်။

(Photo: Rueters)

လတ်တလော လပိုင်းအတွင်း တရုတ်ကိုဝင်ရောက်လာတဲ့ အသားနဲ့ ပင်လယ်စာ ကုန်သေတ္တာအားလုံးကို စစ်ဆေးနေပါတယ်။ ဒါ့အပြင် တရုတ်အစိုးရက ဘရာဇီး အပါအဝင် နိုင်ငံတွေမှ အသားထုတ်ကုန်အချို့ တင်သွင်းမှုကိုလည်း ဇွန်လလယ်မှစပြီး ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ COVID-19 ဖြစ်ပွားမှုကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီး ထိုမြို့ရှိ Huanan ပင်လယ်စာဈေးနဲ့ ဆက်နွယ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။ ကနဦး လေ့လာမှုတွေအရ COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ မူလရင်းဇစ်မြစ်ဟာ Huanan ဈေးမှာရောင်းချတဲ့ တိရိစ္ဆာန်ထုတ်ကုန်တွေမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

(Photo: Reuters)

အေးခဲထားတဲ့ အစားအစာတွေကလည်း ကူးစက်မှုအသစ်များ ဖြစ်နိုင်ခြေရှိကြောင်းကို ထည့်မတွက်လို့ မရနိုင်ကြောင်း China National Center for Food Safety Risk Assessment ရဲ့ အဏုဇီဝဓာတ်ခွဲခန်း အကြီးအကဲ Li Fengqin က ဇွန်လအတွင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဗိုင်းရပ်စ်တွေဟာ အပူချိန် အနုတ် ၂၀ ဒီဂရီဆဲလ်စီးယပ်စ်မှာ ၂ နှစ်ကြာအထိ ရှင်သန်နေနိုင်ကြောင်း၊ သို့သော် COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ အေးခဲအစားအစာမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ကြောင်း ခိုင်မာတဲ့ အထောက်အထား မရှိဘူးလို့ သိပ္ပံပညာရှင်တွေက ပြောကြားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က