အင်္ဂလန်နဲ့ဝေးလ်မှာ ဓားဖြင့်ကျူးလွန်တဲ့ ပြစ်မှုတွေ စံချိန်တင် မြင့်တက်နေခဲ့ပါတယ်။

လန်ဒန်မြို့ရှိ ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနရုံး အပြင်ဘက်မှာ ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေရာ) (Photo: Reuters)

ဓားဒဏ်ရာရသွားသူဟာ အသက် ၆၀ ကျော်အရွယ် ဖြစ်ပါတယ်။ ယမန်နေ့ (သြဂုတ် ၁၅ ရက်) က ဖြစ်ပွားခဲ့တဲ့ ဓားဖြင့်တိုက်ခိုက်မှုမှာ သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။



ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး မျက်မြင်သက်သေတွေရဲ့ အဆိုအရ အစောပိုင်းမှာ ဓားကိုင်ဆောင်ထားသူတစ်ဦးက အနည်းဆုံး လူတစ်ဦးကို ပြည်ထဲရေးရုံးမှာ အလုပ်လုပ်ကြသလားလို့ ချဉ်းကပ်မေးမြန်းခဲ့ကြောင်း သိရပါတယ်။ ယမန်နေ့ မွန်းလွဲ ၁ နာရီကျော်မှာ ဓားတစ်ချောင်းကိုင်ထားတဲ့ အမျိုးသားတစ်ဦးကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထံ သတင်းပေးမှု လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

(ဓားဒဏ်ရာရခဲ့သည့် အမျိုးသား) (Photo: Reuters)

ထို့နောက် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာမှာ ဓားဒဏ်ရာရထားတဲ့ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ရပြီးနောက် အသက် ၂၉ နှစ်အရွယ် သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဓားဒဏ်ရာရခဲ့သူဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်းနဲ့ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြည်ထဲရေးရုံးအပြင်ဘက် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပြီး တစ်နာရီမျှအကြာမှာပင် လန်ဒန်တောင်ပိုင်း Brixton အရပ်မှာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးမှု ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့ (သြဂုတ် ၁၄ ရက်) ညပိုင်းကလည်း နယူးကာဆယ်ရှိ Greggs မုန့်တိုက်အပြင်ဘက်မှာ အသက် ၅၂ နှစ်အရွယ် ပီတာဒွန်ကန် အမည်ရှိ ရှေ့နေတစ်ဦး ဝက်အူလှည့်ဖြင့် အထိုးခံရပြီး သေဆုံးခဲ့ပါတယ်။

(သံသယရှိသူကို ဖမ်းဆီးခဲ့စဉ်) (Photo: Daily Mail)

အင်္ဂလန်နဲ့ဝေးလ်မှာ ၂၀၁၉ ခုနှစ် မတ်လအထိ သတ်မှတ်ထားခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ဓားဖြင့်ကျူးလွန်တဲ့ ပြစ်မှုများ စံချိန်တင်မြင့်တက်ခဲ့ပြီး စုစုပေါင်း ပြစ်မှု ၄၃,၅၁၆ မှု ဖြစ်ပွားခဲ့ကြောင်း ပြီးခဲ့တဲ့လအတွင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပြစ်မှုအရေအတွက်ဟာ ယခင်တစ်နှစ်ကထက် ရှစ်ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ထို့အတူ ဓားဖြင့်ကျူးလွန်တဲ့ ပြစ်မှုစုစုပေါင်း ၂၃,၉၄၅ မှု ဖြစ်ပွားခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လကုန် စာရင်းတွေထက် ၈၀ ရာခိုင်းနှုန်းအထိ မြင့်တက်လာခဲ့ကြောင်းလည်း သိရပါတယ်။

(သံသယရှိသူထံမှ တွေ့ရှိရသည့် ပစ္စည်းများ) (Photo: EPA)

၂၀၁၈ ခုနှစ်အတွင်းမှ ယခု ၂၀၁၉ ခုနှစ်အထိ လန်ဒန်မြို့မှာ လူ ၁၀၀,၀၀၀ လျှင် ဓားဖြင့်ကျူးလွန်တဲ့ ပြစ်မှု ၁၆၉ မှုရှိခဲ့ပြီး အင်္ဂလန်ရဲ့ အခြားနေရာတွေထက် ပိုများတယ်လို့ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ကတော့ ဓားဖြင့်ကျူးလွန်တဲ့ ပြစ်မှုတွေကို နှိမ်နင်းသွားမယ့် ၎င်းရဲ့ကတိကဝတ်ကို ထပ်လောင်းပြောကြားပြီး ဗုဒ္ဓဟူးနေ့ (သြဂုတ် ၁၄ ရက်) က Facebook မှတစ်ဆင့် အများပြည်သူသို့ Live လွှင့်ကာ မေးခွန်းများ မေးမြန်းစေခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က