မင်းသားဟယ်ရီက သားဦးလေးမွေးဖွားပြီလို့ ကြေညာပါတယ်။

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ဇနီး မီဂန်ကယ်လ်က ၎င်းတို့ရဲ့ ပထမဆုံးကလေးကို မွေးဖွားခဲ့ပြီလို့ သိရပါတယ်။

( တော်ဝင်မင်းသားဟယ်ရီ သားဦးလေး မွေးဖွားကြောင်း ကြေညာစဉ်) (Photo: PA)

Sussex မြို့စားကတော် မီဂန်က ယနေ့ (မေ ၆ ရက်) ဒေသစံတော်ချိန် မနက် ၅ နာရီ ၂၆ မိနစ်မှာ သားဦးလေးကို မွေးဖွားခဲ့ကြောင်း Sussex မြို့စား မင်းသားဟယ်ရီက ကြေညာလိုက်ပါတယ်။ သားဦးလေးဟာ ကိုယ်အလေးချိန် ၇ ပေါင်နဲ့ ၃ အောင်စရှိပြီး မိခင်ရော ကလေးပါ ကျန်းမာကြောင်းနဲ့ ကလေးကိုအမည်ပေးရန် စဉ်းစားနေဆဲဖြစ်ကြောင်း တော်ဝင်မင်းသားဟယ်ရီက ပြောပါတယ်။



မီဂန် ကလေးမွေးဖွားစဉ်မှာ မင်းသားဟယ်ရီက ဘေးမှာရှိနေခဲ့တယို့ ဘက်ကင်ဟမ်းနန်းတော်က သတင်းထုတ်ပြန်ရာမှာ ဖော်ပြပါတယ်။ Sussex မြို့စားကတော် မီဂန်ရဲ့မိခင် ဒိုရီယာ ရက်ဂ်လန်းက သူမရဲ့မြေးဦးလေးရရှိခဲ့မှုအပေါ် အလွန်ပျော်ရွှင်နေကြောင်းလည်း နန်းတော်ကပြောပါတယ်။

(ဖေဖေါ်ဝါရီလအတွင်း မော်ရိုကိုခရီးစဉ်မှာ တွေ့ရသည့် ဟယ်ရီနဲ့မီဂန်) (Photo: AP)

ဗြိတိန်တော်ဝင်မိသားစုဝင်တွေကလည်း ဟယ်ရီနဲ့မီဂန်တို့ရဲ့ သားဦးလေးမွေးဖွားမှုသတင်းကို ကြားသိရပြီး ဝမ်းမြောက်ပျော်ရွှင်နေကြတယ်လို့ သိရပါတယ်။ တော်ဝင်မင်းသား ဟယ်ရီတို့စုံတွဲရဲ့ ပထမဆုံးကလေးဟာ ယောက်ျားလေး သို့မဟုတ် မိန်းကလေးဖြစ်ကြောင်းကို ယနေ့ မမွေးဖွားမီအထိ ထုတ်ဖော်ပြောခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။

တော်ဝင်မိသားစုရဲ့ မျိုးဆက်သစ်လေးက မိဘနှစ်ဦး၊ အဘွားဖြစ်သူ ဒိုရီယာတို့နဲ့အတူ Frogmore Cottage စံအိမ်တော်မှာ နေထိုင်သွားကြမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။ ၁၈၀၁ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ အဆိုပါ စံအိမ်တော်ကို ပြင်ဆင်မွမ်းမံမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဟယ်ရီနဲ့မီဂန်တို့က ယခုလ အစောပိုင်းမှာ ကင်စင်တန်နန်းတော်ကနေ ပြောင်းရွှေ့နေထိုင်ကြပါတယ်။

(ဟယ်ရီနဲ့မီဂန်တို့ရဲ့ သားဦးလေးမွေးဖွားမှုအတွက် အောင်ပွဲခံကြသူအချို့) (Photo: AFP/Getty Images)

တော်ဝင်မင်းသားဟယ်ရီရဲ့ သားဦးလေးဟာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်ရဲ့ ၈ ဦးမြောက် မြစ်တော်ဖြစ်ပြီး ထီးနန်းဆက်ခံမယ့်စာရင်းမှာ ခုနစ်ဦးမြောက်အဖြစ် ပါဝင်လာပါတယ်။ မီဂန်က ကလေးမွေးဖွားမယ့် ခန့်မှန်းရက်ထက် အနည်းငယ်ကျော်လွန်ခဲ့ကြောင်းနဲ့ နှစ်ရက်အတွင်းမှာ နောက်ထပ် ကြေညာချက်တစ်ခု ထုတ်ပြန်သွားရန် စီစဉ်ထားပြီး ကလေးကို အားလုံးမြင်တွေ့နိုင်မယ်လို့ မင်းသားဟယ်ရီက ပြောခဲ့ပါတယ်။ ဟယ်ရီနဲ့မီဂန်တို့ရဲ့ သားဦးလေးက ဗြိတိနဲ့အမေရိကန် နှစ်နိုင်ငံသားတစ်ဦးလည်း ဖြစ်ပါတယ်။

(Frogmore Cottage စံအိမ်တော်) (Photo: Rex/Shutterstock)

Daily Mail သတင်းတစ်ရပ်မှာတော့ Sussex မြို့စားကတော် မီဂန်ဟာ မွေးဖွားမယ့်ရက်ကို တစ်ပတ်ကျော်လွန်သွားခဲ့တာကြောင့် မူလက စီစဉ်ထားခဲ့တဲ့ Frogmore Cottage စံအိမ်တော်မှာပင် မွေးဖွားမယ့်အစီအစဉ်ကို ပြောင်းလဲခဲ့ရပြီး တနင်္ဂနွေနေ့ (မေ ၅ ရက်) မှာ ဆေးရုံသို့ လျှို့ဝှက်သွားရောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

မီဂန်ကို ဆေးရုံသို့ပို့ဆောင်ရာမှာလည်း တော်ဝင်မိသားစုဝင် လူကြီးတွေကိုပင် အသိပေး ပြောကြားခဲ့ခြင်းမရှိဘဲ ဟယ်ရီနဲ့ ၎င်းတို့ရဲ့ Scotland Yard လုံခြုံရေးအဖွဲ့က လျှို့ဝှက်ပို့ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မီဂန် ကလေးမွေးဖွားခဲ့တဲ့ ဆေးရုံဟာ Portland ဆေးရုံဖြစ်နိုင်ကြောင်းလည်း Daily Mail က ပြောပါတယ်။

(ဟယ်ရီနဲ့မီဂန် မင်္ဂလာပွဲကျင်းပခဲ့စဉ်) (Photo: WPA Pool/Getty Images)

ဟယ်ရီနဲ့မီဂန်တို့ဟာ နှစ်ဦးလုံးနဲ့ ခင်မင်ရင်းနှီးသူတစ်ဦးက မိတ်ဆက်ပေးမှုကနေ စတင်သိကျွမ်းခဲ့ကြပြီးနောက် ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ၁၆ လကြာမျှ တွဲခဲ့ကြပြီးနောက် မင်းသားဟယ်ရီက လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဟယ်ရီနဲ့မီဂန်တို့ရဲ့ အရေးပါတဲ့ ရက်စွဲအချို့

  • နိုဝင်ဘာ ၈၊ ၂၀၁၆ - ကင်စင်တန်နန်းတော်က မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်လ်တို့ ချစ်သူတွေဖြစ်နေကြကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပြီး မီဒီယာတွေအနေနဲ့ သူတို့နှစ်ဦးရဲ့ အတွင်းရေးကိစ္စကို လေးစားကြရန် ပြောခဲ့ပါတယ်။
  • နိုဝင်ဘာ ၂၈၊ ၂၀၁၇ - တော်ဝင်မင်းသား ဟယ်ရီနဲ့ မီဂန်မာကယ်လ်တို့ စေ့စပ်လိုက်ပြီလို့ ကြေညာပါတယ်။
  • ဒီဇင်ဘာ ၁၅၊ ၂၀၁၇ - ကင်စင်တန်နန်းတော်က ဟယ်ရီနဲ့မီဂန်မာကယ်လ်တို့ မေ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ကြမယ်လို့ အတည်ပြုခဲ့ပါတယ်။
  • မေ ၁၉၊ ၂၀၁၈ - ဟယ်ရီနဲ့မီဂန်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲကို စိန့်ဂျော့ဂျ်ဘုရားကျောင်းမှာ ကျင်းပခဲ့ပြီး ဧည့်ပရိသတ် ၆၀၀ တက်ရောက်ခဲ့ကြပါတယ်။ လက်ထပ်ပြီးနောက် ဟယ်ရီနဲ့မီဂန်တို့က Sussex မြို့စားနဲ့ မြို့စားကတော် ဖြစ်လာပါတယ်။
  • အောက်တိုဘာ ၁၅၊ ၂၀၁၈ - Sussex မြို့စားကတော် မီဂန်မာကယ်လ် ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် နွေဦးရာသီမှာ ကလေးမွေးဖွားမယ်လို့ ကင်စင်တန်နန်းတော်က ထုတ်ပြန်ကြေညာပါတယ်။
  • မေ ၆၊ ၂၀၁၉ - ဗြိတိန်ထီးနန်းကို ဆက်ခံမယ့်စာရင်းမှာ ခုနစ်ဦးမြောက်အဖြစ် ပါဝင်လာတဲ့ ဟယ်ရီနဲ့မီဂန်တို့ရဲ့ သားဦးလေး မွေးဖွားခဲ့ပါတယ်။

ဆက်စပ်ဖတ်ရှုရန် -တာ်ဝင်မျိုးဆက်သစ် သားဦးလေးကို ပြသလိုက်တဲ့ ဟယ်ရီနဲ့မီဂန်

Source: Daily Mail, The Guardian, BBC

Share

Loading Next Article...
က္က