ဆိပ်ကမ်းမှာ စွန့်ပစ်ထားတဲ့ ကုန်သေတ္တာ အလုံး ၁၀၀ ကျော် အလွန်ဆိုးရွားတဲ့ အနံ့အသက်များထွက်နေပါတယ်။

ဗြိတိန်နိုင်ငံမှ တင်ပို့လိုက်ပြီး လူ့ခန္ဓာကိုယ် အကြွင်းအကျန်တွေ ပါဝင်နေတဲ့ အန္တရာယ်ရှိ အမှိုက်ကုန်သေတ္တာများကို ချက်ချင်း ပြန်လည်ယူဆောင်ရန် သီရိလင်္ကာအစိုးရက တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

(အမှိုက်ကိစ္စ ဗြိတိန်ကို ဆန္ဒပြစဉ်) (Photo: BBC)

ဗြိတိန်က တင်ပို့လိုက်တဲ့ အန္တရာယ်ရှိ အမှိုက်တွေအနက် ဆေးထိုးပြွန်တွေနဲ့ ပုပ်ပွနေတဲ့ ရင်ခွဲရုံတွေမှ လူ့ခန္ဓာကိုယ် အကြွင်းအကျန်များလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ မွေ့ရာများ၊ အဝတ်အထည်များနဲ့ ပလတ်စတစ်ပစ္စည်းတွေနဲ့အတူ ပုပ်စော်နံနေတဲ အမှိုက်ကုန်သေတ္တာ ၁၀၀ ကျော် ချက်ချင်းပြန်ယူရန် သီရိလင်္ကာအစိုးရက ဗြိတိန်နိုင်ငံကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။



အဆိုပါ ကုန်သေတ္တာအများအပြားဟာ ဗြိတိန်ကနေ ၂၀၁၇ ခုနှစ်ကတည်း သီရိလင်္ကာသို့ ရောက်ရှိလာခဲ့တယ်လို့ ယုံကြည်ရပါတယ်။ သို့သော် သတင်းတွေမှာ ဖော်ပြမှုအရ သွင်းကုန်လုပ်ငန်းတစ်ခုက ကိုလံဘိုမြို့ရှိ ဆိပ်ကမ်းမှာ စွန့်ပစ်ထားတဲ့ ကုန်သေတ္တာ ၁၁၁ လုံးဟာ အလွန်ဆိုးရွားတဲ့ အနံ့အသက်များထွက်ရှိနေကြောင်း ဆိပ်ကမ်းအာဏာပိုင်တွေက ပြောကြားခဲ့ပြီးနောက်မှသာ ထိုကုန်သေတ္တာတွေကို စစ်ဆေးခဲ့ကြခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

(သီရလင်္ကာမှာ တွေ့ရသည့် အမှိုက်ကုန်သေတ္တာတစ်လုံး) (Photo: AFP)

"တချို့ဟာတွေက အရည်ပျော်ကျပြီး လုံးဝ ဆိုးဆိုးရွားရွား ပျက်ယွင်းနေတော့ ဘာတွေလဲဆိုတာတောင် ကျွန်တော်တို့ မစစ်ဆေးနိုင်ခဲ့ဘူး၊ အဲဒီ အမှိုက်တွေက အနံ့ဆိုးတွေ ထွက်နေတယ်" လို့ အကောက်ခွန်ဌာန ပြောခွင့်ရအမျိုးသား Sunil Jayaratne က သီရိလင်္ကာ Daily Mirror သတင်းစာကို ပြောခဲ့ပါတယ်။

ဆိပ်ကမ်းမှာ စွန့်ပစ်ထားတဲ့ အဆိုပါကုန်သေတ္တာ ၁၁၁ လုံးကို ပြန်ပို့ရန်အတွက် ချက်ချင်း ညွန်ကြားဆောင်ရွက်ခဲ့ကြောင်း အင်္ဂါနေ့ (ဇူလိုင် ၂၃ ရက်) မှာ သီရိလင်္ကာအစိုးရက ပြောထားပါတယ်။ သို့သော် ဗြိတိန် ပတ်ဝန်းကျင်ဆိုင်ရာဌာနကတော့ ထိုကိစ္စကို စုံစမ်းစစ်ဆေးခဲ့ကြောင်းနဲ့ သီရိလင်္ကာအာဏာပိုင်တွေထံမှ အမှိုက်တွေပြန်ယူရန် တရားဝင် တောင်းဆိုမှုတစ်စုံတရာ မရရှိသေးကြောင်း BBC သတင်းဌာနကို ပြောခဲ့ပါတယ်။d

(သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ အမှိုက်ပုံတစ်ခု) (Photo: Dinuka Liyanawatte/Reuters)

ဆိပ်ကမ်းမှာ စွန့်ပစ်ထားတဲ့ အမှိုက်ကုန်သေတ္တာတွေကို သီရိလင်္ကာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက တင်သွင်းလာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကိုပြန်ပို့ရန်အတွက် တာဝန်ရှိယူမှာဖြစ်ကြောင်း Sunil Jayaratne က ဆိုပါတယ်။ အရှေ့တောင်အာရှ အပါအဝင် အာရှဒေသမှ နိုင်ငံများဟာ အနောက်နိုင်ငံများမှ စွန့်ပစ်အမှိုက်များ စုပုံမှုကိစ္စအပေါ် အလေးထား ကိုင်တွယ်ဆောင်ရွက်နေကြရပါတယ်။

တရုတ်အစိုးရက ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံမှားမှ အမှိုက်များ တင်ပို့နေမှုကို ပိတ်ပင်လိုက်ပြီးနောက် အခြား အာရှနိုင်ငံများသို့ အဆိုပါ အမှိုက်များတင်ပို့နိုင်ရန် လုပ်ဆောင်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုအခြေအနေအရ အရှေ့တောင်အာရှ ကမ်းရိုးတန်းတွေမှာ အမှိုက်ပမာဏများပြားစွာ စုပုံရောက်ရှိလာမှုတွေ ရင်ဆိုင်နေရပါတယ်။

(မလေးရှားက ပြန်ပို့မည့် ပလတ်စတစ်အမှိုက်များ) (Photo: AFP)

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားက သင်္ဘောတင် ကုန်သေတ္တာတွေထဲမှာတွေ့ရတဲ့ ပလတ်စတစ်အမှိုက် တန်ချိန် ၁,၆၀၀ ကို အမေရိကန်နဲ့ကနေဒါသို့ ပြန်ပို့မယ်လို့ ဇူလိုင် ၁၇ ရက်မှာ ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကလည်း ဒါဇင်နဲ့ချီတဲ့ အမှိုက်ကုန်သေတ္တာတွေကို ပြင်သစ်နဲ့ အခြား ဖွံ့ဖြိုးပြီး နိုင်ငံများသို့ ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့လအတွင်း ကြေညာထားပါတယ်။

မလေးရှားနိုင်ငံကလည်း ပလတ်စတစ်အမှိုက် တန်ချိန် ၄၅၀ ကျော်ကို မူလတင်ပို့လိုက်တဲ့ နိုင်ငံများသို့ ပြန်ပို့ခဲ့ကြောင်း ပြီးခဲ့တဲ့ မေလအတွင်း ပြောခဲ့ပါတယ်။ မလေးရှားက ထိုကဲ့သို့ ပလတ်စတစ်အမှိုက် တန်ချိန် ၃,၀၀၀ အထိကို မူလနိုင်ငံများသို့ ပြန်ပို့သွားမယ်လို့ ကြေညာထားပါတယ်။

(ဖိလစ်ပိုင်မှာ အမှိုက်ကိစ္စအတွက် ကနေဒါကို ဆန္ဒပြစဉ်) (Photo: Bullit Marquez/AP)

အမှိုက်ပြဿနာနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှမှ ဖိလစ်ပိုင်နိုင်ငံနဲ့ အမှိုက်တင်ပို့လိုက်တဲ့ ကနေဒါနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး တင်းမာမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာတော့ ဖိလစ်ပိုင်က အမှိုက်ကုန်သေတ္တာ ၆၉ လုံးကို မူလတင်ပို့လိုက်တဲ့ ကနေဒါနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှ ပလတ်စတစ်အမှိုက်များ

ကမ္ဘာတစ်ဝှမ်းမှ နှစ်စဉ် အမှိုက်တန်ချိန် သန်း ၃၀၀ နီးပါး ထွက်ရှိနေပြီး ထိုပမာဏအနက်မှ ထက်ဝက်ဟာ တစ်ခါသုံးပစ္စည်းတွေ ဖြစ်တယ်လို့သိရပါတယ်။ ပင်လယ်သမုဒ္ဒရာထဲသို့ နှစ်စဉ် ပလတ်စတစ်အမှိုက် တန်ချိန် ၈ သန်းကို စွန့်ပစ်နေကြကြောင်းလည်း သိရပါတယ်။ ထိုပလတ်စတစ်အမှိုက်တွေထဲမှ ရာခိုင်နှုန်းအနည်းငယ်မျှကသာ ပြန်လည်သုံးစွဲနိုင်တဲ့ အခြေအနေရှိနေတာ ဖြစ်ပါတယ်။

(Photo: AFP)

ပြန်လည်သုံးစွဲရန် မသင့်တော်တဲ့ ပလတ်စတစ်အမှိုက်တွေကို မီးရှို့ဖျက်ဆီးကြရာမှ အဆိပ်သင့် ဓာတုပစ္စည်းများ လေထုထဲကို ရောက်ရှိစေပါတယ်။ ထိုသို့ မီးရှို့ဖျက်ဆီးခြင်းမပြုဘဲ မြေကြီးထဲကို စွန့်ပစ်ပါကလည်း မြေဆီလွှာနဲ့ ရေအရင်းမြစ်ကို ညစ်ညမ်းစေနိုင်ကြောင်း သိရပါတယ်။

ပလတ်စတစ်အမှိုက်ကိစ္စကို ကိုင်တွယ်ဆောင်ရွက်ရန်အတွက် ယခုလအတွင်း ကမ္ဘာ့နိုင်ငံ ၁၈၀ ခန့်က ဘေဆယ်သဘောတူညီချက် (Basel Conention) ကို ပြင်ဆင်ပြီး ကမ္ဘာတစ်ဝှမ်း ပလတ်စတစ်အမှိုက် ကုန်သွယ်မှုကို ပိုမို ပွင့်လင်းမြင်သာမှုနဲ့ ပိုမိုကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပါတယ်။

(Photo: Daniel Muller/Greenpeace)

နိုင်ငံများကြား ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ စွန့်ပစ်ပစ္စည်းများ ရွှေ့ပြောင်းမှုလျှော့ချရေးနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှ ဘးအန္တရာယ်ဖြစ်စေနိုင်တဲ့ စွန့်ပစ်ပစ္စည်းများကို ဖွံဖြိုးမှုနည်းတဲ့ နိုင်ငံများသို့ လွှဲပြောင်းပို့ဆောင်မှုကို ကာကွယ်တားဆီးရန် ရည်ရွယ်တဲ့ ဘေဆယ်သဘောတူညီချက်ကို ၁၉၈၉ ခုနှစ်မှာ ၅၃ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပလတ်စတစ်အမှိုက် အထွက်ရှိဆုံး နိုင်ငံများမှာ ထိပ်ဆုံးကနေ ပါဝင်နေတဲ့ အမေရိကန်ကတော့ အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။

Source: BBC, Telegraph, Daily News.lk, Business Insider

Share

Loading Next Article...
က္က