ဗြိတိန်မိုးလေဝသဌာနက ရာသီဥတုဆိုင်ရာ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန်ကို အားကောင်းတဲ့ ဒင်းနစ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ရာ လူသေဆုံးမှုတွေဖြစ်ပြီး နိုင်ငံတစ်ဝှမ်း ရာနဲ့ချီတဲ့ ရေကြီးမှုအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ခဲ့ပါတယ်။

လေတိုက်နှုန်း တစ်နာရီလျှင် ၉၁ မိုင်ရှိခဲ့ပါတယ်


(Photo: PA)

ဒင်းနစ်မုန်တိုင်း (Storm Dennis) ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်၊ ၁၆ ရက်) က ဗြိတိန်ကို ဝင်ရောက်တိုက်ခတ်စဥ် လေတိုက်နှုန်း တစ်နာရီလျှင် ၉၁ မိုင်ရှိခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် ဝေးလ်တောင်ပိုင်းနဲ့ အင်္ဂလန် နေရာဒေသများမှာ လူသေဆုံးမှုနဲ့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Dyfed Powys ရဲတပ်ဖွဲ့က ထုတ်ပြန်မှုအရ Tawe မြစ်အတွင်း အမျိုးသားတစ်ဦး သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အင်္ဂလန်အရှေ့တောင်ပိုင်း Kent ဒေသကမ်းလွန်မှာလည်း အမျိုးသားတစ်ဦးရဲ့အလောင်းကို ပင်လယ်ထဲမှ ဆယ်ယူရရှိခဲ့ပေမဲ့ ရဲတပ်ဖွဲ့ကတော့ ထိုသေဆုံးမှုဟာ ဒင်းနစ်မုန်တိုင်းနဲ့ဆက်နွယ်မှုမရှိဘူးလို့ ပြောပါတယ်။

(Photo: Reuters)

နောက်ထပ် သေဆုံးသူ အမျိုးသားတစ်ဦးရဲ့အလောင်းကိုတော့ Margate ဆိပ်ကမ်းအနီး လှိုင်းထန်နေတဲ့ ပင်လယ်ပြင်မှ ဆယ်ယူရရှိခဲ့ပြီး ၎င်းဟာ မုန်တိုင်းတိုက်နေစဥ် ရေနံတင်သင်္ဘောတစ်စီးပေါ်မှ ပြုတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ပင်လယ်ပြင်မှာ ခုနစ်နာရီကြာ ရှာဖွေခဲ့ပြီးနောက် ထိုအမျိုးသားရဲ့အလောင်းကို ပြန်ရှာတွေ့ခဲ့ကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။

ဒင်းနစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဗြိတိန်တစ်ဝှမ်းမှာ ၄၈ နာရီအတွင်း တစ်လစာနဲ့ညီမျှတဲ့ မိုးရေချိန်ပမာဏ ရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့တယ်လို့ Daily Mail သတင်းဌာနက ပြောပါတယ်။ မုန်တိုင်းဒဏ်သင့် နေရာတွေမှာ ကူညီပေးရန်အတွက် စစ်တပ်စေလွှတ်ထားပြီး South Wales မှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ကြောင်း တာဝန်ရှိသူတွေက ရာသီဥတုဆိုင်ရာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဗြိတိန်တစ်ဝှမ်းမှာ ၄၈ နာရီအတွင်း တစ်လစာနဲ့ညီမျှတဲ့ မိုးရေချိန်ပမာဏ ရွာသွန်းခဲ့ပါတယ်

(Photo: PA)

ဗြိတိန်မိုးလေဝသဌာန (Met Office) က ၂၀၁၅ ခုနှစ်နောက်ပိုင်း ရာသီဥတုဆိုင်ရာ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ရေကြီးမှုကြောင့် အသက်အန္တရာယ်ရှိနိုင်ကြောင်း ပြောထားပါတယ်။ ဒင်းနစ်မုန်တိုင်းကြောင့် ဗြိတိန်နိုင်ငံတစ်ဝှမ်း ရေကြီးမှုအန္တရာယ်သတိပေးချက် ၅၉၄ ခု ထုတ်ပြန်ထားကြောင်း Daily Mail က ဖော်ပြပါတယ်။

မုန်တိုင်းအန္တရာယ်ကြောင့် British Airways နဲ့ easyJet လေကြောင်းလိုင်းတို့က လေယာဥ်ခရီးစဥ်များ ရပ်ဆိုင်းထားကြောင်း အတည်ပြုခဲ့ပါတယ်။ ဒင်းနစ်မုန်တိုင်း တိုက်ခတ်မှုဟာ ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေမှာလည်း သက်ရောက်မှုရှိခဲ့ပါတယ်။ ပြင်သစ်အနောက်မြောက်ပိုင်းရှိ Britanny ဒေသမှာ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုတွေဖြစ်နိုင်ကြောင့် လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားခဲ့ကြောင်း ပြင်သစ်မိုးလေဝသဌာန Meteo-France က ပြောပါယ်။

(Photo: Getty Images)

Britanny ဒေသမှာ နေအိမ် ၁၄,၀၀၀ ခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ဒင်းနစ်မုန်တိုင်းအရှိန်ကြောင့် ဂျာမနီ၊ ဒိန်းမတ်နဲ့ ဆွီဒင်တောင်ပိုင်းမှာလည်း လေပြင်းများတိုက်ခတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် (ဖေဖေါ်ဝါရီ ၈ ရက်၊ ၉ ရက်) ကလည်း ဗြိတိန်မှာ Storm Ciara တိုက်ခတ်မှုကြောင့် မိုးရေချိန် ၇ လက်မကျော်အထိ ရွာသွန်းခဲ့ပြီး တစ်နာရီလျှင် ၉၄ မိုင်အထိ အာကောင်းတဲ့ လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ထိုမုန်တိုင်းကြောင့် နေအိမ် ရာနဲ့ချီ ရေလွှမ်းမိုးခံခဲ့ရပြီး လူဦးရေ ၅၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရပါတယ်။

.

Share

Loading Next Article...
က္က