ဗြိတိန်ဟာ ဥရောပမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပါတယ်။

ဗြိတိန်မှာ lockdown အစီအမံအရ ပိတ်ထားခဲ့တဲ့ ကျောင်းများနဲ့ ဈေးဆိုင်များကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ပြန်ဖွင့်သွားမှာဖြစ်ပြီး COVID-19 ကူးစက်မှုနှုန်း လျော့ကျနေသရွေ့ ဖွင့်ထားမယ်လို့ သိရပါတယ်။

(Photo: Nick Ewards)

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တစ်နိုင်ငံလုံး lockdown ပိတ်ပင်ကန့်သတ်မှုများ ဖြေလျှော့မယ့် အဆင့်လိုက် အစီအစဥ်ကို မေ ၁၀ ရက်နေ့မှာ ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံမှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်မှုတွေကို ဟန့်တားရန် ပြည်ပမှ ဗြိတိန်သို့ ရောက်ရှိလာသူများ အသွားအလာကန့်သတ် နေထိုင်ရမယ့် အစီအစဥ်ကိုလည်း ဘောရစ်ဂျွန်ဆင်က ကြေညာခဲ့ပါတယ်။



ဗြိတိန်ဟာ ဥရောပမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံးနဲ့ တစ်ကမ္ဘာလုံးမှာ အမေရိကန်ပြီးလျှင် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပါတယ်။ ယနေ့ (မေ ၁၁ ရက်) မနက်ပိုင်းအထိ ဗြိတိန်မှာ COVID-19 ကူးစက်ခံရသူ ၂၂၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၃၁,၈၅၅ ဦးရှိခဲ့ပါတယ်။

(Photo: Andrew Parsons/10 Downing Street)

COVID-19 ကူးစက်မှုတွေ ဆိုးရွားနေခဲ့တဲ့ ဗြိတိန်မှာ ပြည်သူများ အိမ်မှာနေကြရမယ့် အမိန့်ထုတ်ပြန်ခဲ့ပြီး ရက်သတ္တပတ် ခုနစ်ပတ်ကြာ ကြာမြင့်ခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကိုယ်တိုင်လည်း COVID-19 ကူးစက်ခံခဲ့ရမှုကြောင့် တစ်ပတ်ကြာ ဆေးရုံတက်ခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူခဲ့ရပါတယ်။ "ဒီအပတ်မှာ lockdown အဆုံးသတ်ဖို့ အချိန်မကျသေးပါဘူး" လို့ အသက် ၅၅ နှစ်အရွယ် ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။

သို့သော် အခြေအနေပေါ်မူတည်ပြီး lockdown အစီအမံများ ဖြေလျှော့သွားမယ့် အစီအစဥ်တွေကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာခဲ့ပါတယ်။ ယခု သီတင်းပတ်မှစပြီး နေအိမ်ကနေ လုပ်လို့မရနိုင်တဲ့ ထုတ်လုပ်ရေး သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်သူများ လုပ်ငန်းခွင်ကို ပြန်သွားနိုင်မယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ထို့အတူ ဗုဒ္ဓဟူးနေ့ (မေ ၁၃ ရက်) မှစပြီး နေအိမ်ပြင်ပ လေ့ကျင့်ခန်းလုပ်မှုကို အကန့်အသတ်မရှိ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဂေါက်သီးရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်းကဲ့သို့ အားကစားတွေကို ပြန်လုပ်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ငါးမျှားထွက်ခြင်းကိုတော့ အိမ်ထောင်စုတစ်ခုတည်းမှာ နေထိုင်ကြသူများသာ ပါဝင်ပါက ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။

ဒုတိယအဆင့် lockdown ဖြေလျှော့မှုမှာတော့ နေ့ကလေးထိန်းကျောင်းတွေနဲ့ အသက် ၁၁ နှစ်အထိ ကလေးတွေကို ဇွန် ၁ ရက်နေ့မှစပြီး ကျောင်းပြန်တက်ခွင့်ပြုသွားမယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာပါတယ်။ ပြည်ပနိုင်ငံများမှ ဗြိတိန်သို့ ရောက်ရှိလာသူတွေ အသွားအလာ ကန့်သတ်နေထိုင်ရမယ့် အစီအစဥ်ကို ဘောရစ်ဂျွန်ဆင်က အသေးစိတ် မပြောခဲ့ပါဘူး။

(Infographic: Daily Mail)

သို့သော် တာဝန်ရှိသူတွေကတော့ ပြည်ပမှ ဗြိတိန်သို့ ရောက်ရှိလာသူတွေဟာ ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင်ရမယ့် အစီအစဥ်ကို လာမယ့် သီတင်းပတ်များအတွင်း စတင်နိုင်ကြောင်း ပြောထားပါတယ်။ ဗြိတိန်အစိုးရက COVID-19 သတိပေးချက်နဲ့ တုံ့ပြန်ဆောင်ရွက်မှုကို အဆင့် ၅ ဆင့်ဖြင့် သတ်မှတ်ထားတာဖြစ်ပြီး လက်ရှိအဆင့်ဟာ ကူးစက်မှုကို မထိန်းချုပ်နိုင်သေးတဲ့ လိမ္မော်ရောင်အဆင့် (အဆင့် ၄) ဖြစ်နေသေးကြောင်း Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။


ဗြိတိန်မှာ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်များအနက် အဓိကအချက်အချို့မှာ တတ်နိုင်သမျှ အိမ်မှာနေရန်၊ ဖြစ်နိုင်ပါက အိမ်ကနေ အလုပ်လုပ်ရန်၊ တတ်နိုင်ပါက အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို မသုံးရန်၊ တစ်ဦးနဲ့တစ်ဦး ၆ ပေခွာနေရန်တို့ဖြစ်ပြီး နေအိမ်ပြင်ပ အကန့်အသတ်မရှိ လေ့ကျင့်ခန်းလုပ်ခြင်း၊ ပန်းခြံနဲ့ အများပြည်သူဆိုင်ရာ နေရာတွေကို လေ့ကျင့်ခန်းမလုပ်ပေမဲ့ သွားရောက်ခြင်းတို့ကို လာမယ့် မေ ၁၃ ရက်နေ့မှစပြီး ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

Source: BBC, Daily Mail

Share

Loading Next Article...
က္က