သီတင်းခြောက်ပတ်အတွင်း ခွေးတွေကို COVID-19 စစ်ဆေးမှုအတွက် အနံ့ခံခိုင်းရန် ‌လေ့ကျင့်ပြင်ဆင်နေပါတယ်။

ဗြိတိန် လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ခွေးများကို အနံ့ခံခိုင်းခြင်းဖြင့် COVID-19 ဗိုင်းရပ်စ် စစ်ဆေးနိုင်ခြင်းရှိ မရှိ သိရှိနိုင်ရန် စတင်လုပ်ဆောင်နေကြောင်း မတ်လ ၂၇ ရက်နေ့က ပြောပါတယ်။

(Photo: Andrew Crowley)

Medial Deection Dogs အဖွဲ့အစည်းက London School of Hygiene and Tropical Medicine (LSHTM) နဲ့ အင်္ဂလန်အရှေ့မြောက်ပိုင်းရှိ Durham တက္ကသိုလ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ခွေးများက COVID-19 စစ်ဆေးမှုတွေကို ကူညီနိုင်ခြင်းရှိ မရှိ အကဲဖြတ်သွားမယ်လို့ သိရပါတယ်။



ယခင်က ခွေးတွေဟာ ငှက်ဖျားရောဂါရှိ မရှိ အနံ့ခံနိုင်တဲ့ စွမ်းရည်ကို သုတေသနဖူးပြီးနောက် ယခုအခါ COVID-19 ဗိုင်းရပ်စ် သံသယရှိသူကိုလည်း ခွေးတွေက အနံ့ခံသိရှိနိုင်မှုအပေါ် လေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်။ ရောဂါတစ်ခုချင်းစီက ကွဲပြားခြားနားတဲ့ အနံ့အသက်တစ်မျိုး ထွက်ပေါ်စေကြောင်း ယုံကြည်မှုအရ ထိုသုတေသနကို လုပ်ဆောင်ခဲ့ပါတယ်။

(Photo: AFP)

Medial Deection Dogs အဖွဲ့အစည်းရဲ့ အဆိုအရ သီတင်းခြောက်ပတ်အတွင်း ခွေးတွေကို COVID-19 စစ်ဆေးမှုအတွက် အနံ့ခံခိုင်းရန် ‌လေ့ကျင့်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ထိုအဖွဲ့အစည်းဟာ ယခင်ကလည်း ကင်ဆာ၊ ပါကင်ဆန်နဲ့ ဘက်တီးရီးယား ကူးစက်ရောဂါများကဲ့သို့ ရောဂါတွေကို လူနာများထံမှ နမူနာများရယူပြီး ခွေးများဖြင့် အနံ့ခံစစ်ဆေးနိုင်ရန် လေ့ကျင့်ပေးခဲ့ဖူးပါတယ်။

ခွေးတွေက လူ့ခန္ဓာကိုယ်အရေပြားမှာ အပူချိန်ပြောင်းလဲမှုကိုလည်း သိရှိနိုင်ကြရာ လူတစ်ဦးဟာ ဖျားနာနေခြင်းရှိ မရှိ စစ်ဆေးနိုင်တဲ့ အလားအလာရှိနေကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ "အခြေခံ သဘောတရားအရတော့ ခွေးတွေက COVID-19 ကို စစ်ဆေးနိုင်ပါတယ်" လို့ Medical Detection Dogs အဖွဲ့အစည်း တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Claire Guest က ပြောပါတယ်။


(Photo: Darcie Judson)

"အခု ခွေးတွေက လူနာဆီကနေ ဗိုင်းရပ်စ်အနံ့အသက်ကို ဘယ်လိုမျိုး အန္တရာယ်ကင်းကင်းနဲ့ အနံ့ခံသိရှိနိုင်မလဲဆိုတာ ကျွန်မတို့ လေ့လာနေပါတယ်၊ ရည်ရွယ်ချက်ကတော့ ခွေးတွေဟာ ရောဂါလက္ခဏာမပြသူတွေ အပါအဝင် လူတိုင်းကို အနံ့ခံစောင့်ကြည့်နိုင်ပြီး အဲဒီလူတွေကို စစ်ဆေးမှုလုပ်ဖို့လို မလို ကျွန်မတို့ကို ပြန်ပြောနိုင်မလားဆိုတာ သိရဖို့ပါ" လို့ ၎င်းကဆိုပါတယ်။

ယခု အစီအစဥ်ဟာ မြန်ဆန်ထိရောက်ပြီး အနှောင့်အယှက်မဖြစ်စေဘဲ ဗြိတိန်ကျန်းမာရေးဌာနရဲ့ ဗိုင်းရပ်စ်စစ်ဆေးမှုမှာ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ထားပါတယ်။ ခွေးတွေဟာ ငှက်ဖျားရောဂါကို စစ်ဆေးရာမှာ မှန်ကန်မှုရာခိုင်နှုန်း အလွန်မြင့်မားကြောင်းနဲ့ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကလည်း ခန္ဓာကိုယ်အနံ့အသက်ကို ပြောင်းလဲစေရာ COVID-19 ကိုလည်း ခွေးတွေက အနံ့ခံသိရှိနိုင်ရန် အခွင့်အရေး အလွန်များကြောင်း LSHTM မှ ရောဂါထိန်းချုပ်ရေး အကြီးအကဲက သုံးသပ်ခဲ့ပါတယ်။

(Photo: John Robertson)

ခွေးတွေကို လေဆိပ်များမှာ ဖြန့်ကျက်ချထားပြီး ဗိုင်းရပ်စ်သယ်ဆောင်လာသူတွေကို အနံ့ခံဖော်ထုတ်နိုင်ရန် မျှော်လင့်ထားကြောင်း Durham တက္ကသိုလ်မှ Steve Lindsay က ပြောပါတယ်။ ဗြိတိန်ဟာ COVID-19 ကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ တရိပ်ရိပ် မြင့်တက်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မတ်လ ၂၈ ရက် နေ့လယ်ပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄,၅၄၃ ဦးရှိပြီး ၇၅၉ ဦး သေဆုံးခဲ့ကာ ၁၃၅ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။

ဗြိတိန်မှာ တော်ဝင်မိသားစုမှ အိမ်ရှေ့မင်းသားချားလ်စ်၊ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်နဲ့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်တို့လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆ သိန်းနီးပါး (၅၉၇,၂၆၇ ဦး)နဲ့ သေဆုံးသူ ၂၇,၃၆၅ ဦးအထိ မြင့်တက်လာခဲ့ပြီး ပြန်လည်သက်သာသွားသူ ၁၃၃,၃၆၃ ဦးရှိခဲ့ပါတယ်။

Source: AF

P, BBC


Share

Loading Next Article...
က္က