COVID-19 ဒုတိယလှိုင်းကို ဗြိတိန်မှာ ရှောင်လွှဲမရဘဲ ကြုံခဲ့ရတယ်လို့ ဘောရစ်ဂျွန်ဆင်က ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှာ COVID-19 ဒုတိယလှိုင်းဖြစ်ပွားနေပြီလို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၁၈ ရက် နှောင်းပိုင်းမှာ ပြောကြားလိုက်ပါတယ်။

(Photo: PA)

COVID-19 ဒုတိယလှိုင်းကို ဗြိတိန်မှာ ရှောင်လွှဲမရဘဲ ကြုံခဲ့ရကြောင်းလည်း ဘောရစ်ဂျွန်ဆင်က ဖြည့်စွက်ပြောခဲ့ပါတယ်။ ကူးစက်မှုထိန်းချုပ်ရေး ပိုမိုကြီးမားကျယ်ပြန့်တဲ့ lockdown အစီအမံတွေ သတ်မှတ်ဆောင်ရွက်ခြင်းမပြုလိုပေမဲ့ ပိုမိုတင်းကျပ်တဲ့ ခပ်ခွာခွာနေရမယ့် စည်းမျဥ်းကန်သတ်ချက်များ လိုအပ်နိုင်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။



ဗြိတိန်အစိုးရရဲ့ သိပ္ပံဆိုင်ရာ အကြံပေးတွေကလည်း နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း ထုတ်ဖော်ပြောခဲ့ပြီးနောက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ မှတ်ချက်ပြုမှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်မှာ မေလလယ်နောက်ပိုင်း နေ့စဥ် ကူးစက်မှုအသစ် အမြင့်ဆုံး ပြန်ဖြစ်လာခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

COVID-19 ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် အစောပိုင်းက Lancashire, Merseyside, Midlands နဲ့ West Yorkshire ရဲ့ နေရာတွေမှာ စည်းမျဥ်းအသစ်များ သတ်မှတ်ထုတ်ပြန်ခဲ့တယ်။ ဗြိတိန်မှာ ကူးစက်ခံရသူ နောက်ထပ် ၄,၃၂၂ ဦး တွေ့ရှိခဲ့ရပြီးနောက် ကူးစက်မှုထိန်းချုပ်ရေး စည်းမျဥ်းအသစ်များ သတ်မှတ်ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း ဗြိတိန်အပါအဝင် ဥရောပတစ်လွှားမှာ COVID-19 ကူးစက်မှု ကိန်းဂဏန်းများ မြင့်တက်နေမှုဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း သတိပေးထားပါတယ်။ WHO ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge ရဲ့ ပြောကြားမှုအရ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဥရောပနိုင်ငံ ထက်ဝက်ကျော်မှာ ကူးစက်မှုအသစ် ကိန်းဂဏန်းတွေဟာ နှစ်ဆဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

(Photo: Reuters)

ဥရောပတစ်လွှား ပြီးခဲ့တဲ့ သီတင်းပတ်တစ်ခုတည်းမှာပင် COVID-19 ကူးစက်မှု ၃၀၀,၀၀၀ တိုးလာခဲ့ပြီး ထိုအရေအတွက်ဟာ မတ်လအတွင်း ပထမအကြိမ် ကူးစက်မှုအထွတ်အထိပ်ဖြစ်ခဲ့စဥ်ကထက် ကျော်လွန်များပြားခဲ့ကြောင်း Hans Kluge က စက်တင်ဘာ ၁၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ဥရောပမှာ COVID-19 ကြောင့် ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုတွေကတော့ မြင့်တက်ခဲ့ခြင်းမရှိပေမဲ့ စပိန်နဲ့ ပြင်သစ် နိုင်ငံတွေမှာတော့ ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုတွေ မြင့်တက်မှုကို ဦးတည်နေတယ်လို့ ဆိုပါတယ်။

WHO ရဲ့ အချက်အလက်တွေအရ ဥရောပမှာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားစဥ်မှ ယခုလက်ရှိအချိန်အထိ အတည်ပြုလူနာ ၅ သန်း စစ်ဆေးတွေ့ရှိခဲ့ရပြီး သေဆုံးသူ ၂၂၈,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် ဥရောပရှိ မြို့ကြီးတွေမှာ ကူးစက်မှုထိန်းချုပ်ရေး စည်းမျဥ်းကန့်သတ်ချက်အသစ်များ အသီးသီး သတ်မှတ်ထုတ်ပြန်နေပါတယ်။

Share

Loading Next Article...
က္က