အိမ်မွေးကြောင်တစ်ကောင် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
Ko John

ဗြိတိန်နိုင်ငံမှာ ပထမဆုံးအကြိမ် တိရိစ္ဆာန်ကို COVID-19 ကူးစက်မှုအဖြစ် အိမ်မွေးကြောင်တစ်ကောင် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ အစိုးရက ယနေ့ (ဇူလိုင် ၂၇ ရက်) ပြောပါတယ်။ အဆိုပါ အိမ်မွေးကြောင်ဟာ ပိုင်ရှင်တွေထံမှတစ်ဆင့် ကူးစက်ခံရကြောင်း ယုံကြည်ရပါတယ်။

(Photo: NIAID-RML)

"တိရိစ္ဆာန်ကနေ ပိုင်ရှင်တွေဆီကို သို့မဟုတ် ဒီအိမ်မွေးတိရိစ္ဆာန်တွေ သို့မဟုတ် အခြား အိမ်တွင်းရှိ တိရိစ္ဆာန်တွေကို ကူးစက်နိုင်တဲ့ အထောက်အထား မရှိပါဘူး" လို့ ဗြိတိန်အစိုးရက ဝက်ဘ်ဆိုက်မှာ ပြောထားပါတယ်။ အိမ်မွေးကြောင်နဲ့ ပိုင်ရှင်တွေဟာ အပြည့်အဝ ပြန်လည်ကောင်းမွန်သွားပြီလို့လည်း ဆိုပါတယ်။



"ဒါက အရမ်းရှားတဲ့ဖြစ်ရပ်ပါ၊ တိရိစ္ဆာန်တွေမှာ ကူးစက်ခံရပြီး မပြင်းထန်တဲ့ ရောဂါလက္ခဏာနဲ့ ရက်အနည်းငယ်အတွင်း ပြန်လည်သက်သာလာပါတယ်" လို့ ဗြိတိန် တိရိစ္ဆာန်ဆေးကုဆရာဝန်များ အကြီးအကဲ Christine Middlemiss က ပြောပါတယ်။ "ကျွန်တော်တို့ ဒီအခြေအနေကို အနီးကပ် ဆက်လက် စောင့်ကြည့်သွားပြီး တိရိစ္ဆာန်ပိုင်ရှင်တွေအတွက် အခြေအနေပြောင်းသင့်တဲ့ လမ်းညွှန်အကြံပြုချက်တွေ အသစ်ပြင်ဆင်သွားမှာပါ" လို့ ၎င်းကဆိုပါတယ်။

(Photo: Getty Images)

ပုဂ္ဂလိက တိရိစ္ဆာန်ဆေးကုခန်းတစ်ခုက အဆိုပါကြောင်မှာ feline herpes ခေါ် ကြောင်တွေရဲ့ အသက်ရှူလမ်းကြောင်းမှာ ကူးစက်မှုတွေ့ရလေ့ရှိတဲ့ ဗိုင်းရပ်စ်ကို ကနဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ သုတေသနအစီအစဥ်တစ်ခုအရ ကြောင်ကို စစ်ဆေးကြည့်ရာမှာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရတယ်လို့ CNA သတင်းက ဖော်ပြပါတယ်။

ဥရောပ၊ မြောက်အမေရိကနဲ့ အာရှမှာ ကြောင်တွေအပါအဝင် အနည်းငယ်မျှ အရေအတွက်ရှိ တိရိစ္ဆာန်တွေမှာ COVID-19 ကူးစက်ခံရမှုအချို့ တွေ့ရှိထားပါတယ်။ အာဏာပိုင်တွေကတော့ ယခုကဲ့သို့ တိရိစ္ဆာန်တွေမှာ ကူးစက်မှုတွေ့ရခြင်းဟာ စိုးရိမ်ရတဲ့ သတိပေးချက် မဟုတ်ဘူးလို့ ပြောပါတယ်။

(Photo: Reuters)

"ဒီအချိန်မှာ အိမ်မွေးတိရိစ္ဆာန်တွေကနေ လူတွေဆီကို ရောဂါကူးစက်နိုင်တဲ့ အထောက်အထား မရှိပါဘူး" လို့ Public Health England မှ ဆေးဘက်ဆိုင်ရာညွှန်ကြားရေးမှူး Yvonne Doyle က ပြောခဲ့ပါတယ်။ COVID-19 တိုက်ဖျက်ရေး အကြံပြုချက်တွေအရ တိရိစ္ဆာန်တွေနဲ့ မထိတွေ့မီနဲ့ ထိတွေ့ပြီး အပါအဝင် လက်ကို ပုံမှန်ဆေးကြောသင့်ကြောင်း Yvonne Doyle က ဆိုပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က