ဘူလ်ဂေးရီးယားမှ ထွက်ခွာလာတဲ့ ကွန်တိန်နာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

လန်ဒန်မြို့ အရှေ့ဘက် Essex ကောင်တီရှိ စက်မှုနယ်မြေတစ်ခုမှာ အလုံပိတ် ကွန်တိန်နာယာဉ်တစ်စီးအတွင်း အလောင်း ၃၉ လောင်းကို ယနေ့ (အောက်တိုဘာ ၂၃ ရက်) တွေ့ရှိရကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: PA)

ရဲတပ်ဖွဲ့က ကနဦး ပြောကြားမှုအရ အဆိုပါကွန်တိန်နာယာဉ်ဟာ ဘူလ်ဂေးရီးယားနိုင်ငံမှဖြစ်ပြီး ဗြိတိန်သို့ ဝေးလ်နိုင်ငံ Holyhead မြို့မှတစ်ဆင့် စနေနေ့ (အောက်တိုဘာ ၁၉ ရက်) မှာ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။



ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဗြိတိန်ရဲတပ်ဖွဲ့က အလုံပိတ် ကွန်တိန်နာယာဉ်ရဲ့ ယာဉ်မောင်းဖြစ်သူ မြောက်အိုင်ယာလန်မှ အသက် ၂၅ နှစ်အရွယ် မိုရော်ဘင်ဆန် အမည်ရှိ အမျိုးသားကို လူသတ်မှုသံသယဖြင့် ဖမ်းဆီးထားကြောင်း ထုတ်ပြန်ပါတယ်။ ယနေ့မနက် ဗြိတိသျှစံတော်ချိန် ၁ နာရီ ၄၀ မိနစ်မတိုင်မီက Waterglade စက်မှုဇုန်မှာ ကွန်တိန်နာယာဉ်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြားမှု လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Splash News)

ကနဦး စစ်ဆေးမှုတွေအရ သေဆုံးနေသူတွေအနက် ၃၈ ဦးဟာ အရွယ်ရောက်ပြီးသူတွေဖြစ်ပြီး ဆယ်ကျော်သက်တစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။ အလုံပိတ် ကုန်တင်ကားအတွင်း အသက်ရှင်နေသူရှိ မရှိကို ရဲတပ်ဖွဲ့က လတ်တလော မပြောနိုင်သေးပါဘူး။ "ဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး အလုံပိတ် ကွန်တိန်နာယာဉ်မောင်းကို ဖမ်းဆီးခဲ့ပါတယ်၊ သူ့ကို ရဲတပ်ဖွဲ့ ထိန်းသိမ်းထားဆဲဖြစ်ပြီး စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေပါတယ်" လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။ ဗြိတိန်ပြည်ထဲရေးဝန်ကြီး Priti Patel က ယခုသတင်းကြောင့် အံ့သြတုန်လှုပ်ပြီး ဝမ်းနည်းမိကြောင်း ပြောခဲ့ပါတယ်။

(ဖမ်းဆီးထားသည့် ကွန်တိန်နာယာဉ်မာင်း) (Photo: BBC)

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လက်ရှိအချိန်မှာ အဆိုပါ ကွန်တိန်နာယာဉ်ဟာ ၎င်းတို့နိုင်ငံမှ စတင်ထွက်ခွာခဲ့ခြင်းဟုတ် မဟုတ် အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ပါတယ်။ "ဗြိတိန်မီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေကို ကျွန်မတို့ စစ်ဆေးနေဆဲပါပဲ၊ ကျွန်မတို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ်နေပါတယ်" လို့ ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Tsvetana Krasteva က ပြောပါတယ်။

(Photo: BBC)

၂၀၀၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တရုတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူ ၅၈ ဦးကို အင်္ဂလန်အရှေ့တောင်ပိုင်း ဒိုဗာမြို့မှာ ကုန်တင်ကားနောက်ခန်းအတွင်း အသက်ရှူကျပ် သေဆုံးနေတာ တွေ့ရှိခဲ့ရဖူးပါတယ်။ ထိုဖြစ်ရပ်အတွင်း အသက်ရှင်သူနှစ်ဦးရှိခဲ့ပြီး ကုန်တင်ကားမောင်းသူ ဒတ်ချ်လူမျိုးတစ်ဦးကို လူသေမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

နောက်ဆက်တွဲ သတင်းအရ ကွန်တိန်နာယာဉ်ဟာ ဘယ်လ်ဂျီယံနိုင်ငံကနေ ‌ဗြိတိန်ကို ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြား‌ကြောင်း သိရပါတယ်။ အလောင်းများကို စစ်ဆေးမှုအရ အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ရှစ်ဦးဖြစ်ပြီး ၎င်းတို့အားလုံးဟာ ဗီယက်နမ်နိုင်ငံသားများဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။



က္က