လူကုန်ကူးရန် ပူးပေါင်းကြံစည်မှုနဲ့ လူသေမှုမှုတို့ဖြင့် သံသယရှိသူတွေအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
Ko John

လန်ဒန်မြို့အနီး Essex စီရင်စုရှိ စက်မှုဇုန်နယ်မြေအတွင်း အလုံပိတ် အအေးခန်းကွန်တိန်နာယာဉ်ထဲမှာ အလောင်း ၃၉ လောင်း တွေ့ရှိရမှုနဲ့ဆက်စပ်ပြီး နောက်ထပ် လူသုံးဦးကိုဖမ်းဆီးလိုက်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က သောကြောနေ့ (အောက်တိုဘာ ၂၅ ရက်) မှာ ပြောပါတယ်။

(ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် သောမတ်စ်နှင့် ဂျုအန်နာ) (Photo: Daily Mail)

ချက်စ်ရှိုင်းယားစီရင်စု ဝါရင်တန်မြို့ငယ်မှ အသက် ၃၈ နှစ်အရွယ်တွေဖြစ်ကြတဲ့ သောမတ်စ်နဲ့ ဂျိုအန်နာမာဟာတို့ စုံတွဲကို လူကုန်ကူးရန် ပူးပေါင်းကြံစည်မှုနဲ့ လူသေမှု ၃၉ မှုတို့ဖြင့် သံသယရှိသူတွေအဖြစ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။



ထို့အတူ မြောက်အိုင်ယာလန်မှ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း လူကုန်ကူးရန် ပူပေါင်းကြံစည်မှုနဲ့ လူသေမှုဖြင့် သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိအချိန်အထိ ကွန်တိန်နာအတွင်း အလောင်းများတွေ့ရှိရမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူ လေးဦးရှိပြီ ဖြစ်ပါတယ်။

(အလောင်း ၃၉ လောင်း တွေ့ရှိခဲ့ရသည့် ကွန်တိန်နာယာဉ်) (Photo: PA)

ကွန်တိန်နာယာဉ်အတွင်း အလောင်းများတွေ့ရှိရပြီးနောက် ဖမ်းဆီးထားခဲ့တဲ့ ကွန်တိန်နာယာဉ်မောင်း မိုရော်ဘင်ဆန်ဟာလည်း မြောက်အိုင်ယာလန်မှပင် ဖြစ်တယ်လို့ဆိုပါတယ်။ အလောင်း ၃၉ လောင်းနဲ့အတူ အလုံပိတ် ကွန်တိန်နာယာဉ်ကို အောက်တိုဘာ ၂၃ ရက် ဗြိတိန်စံတော်ချိန် မနက် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ အလောင်းတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။ တရုတ်အစိုးရကတော့ ကွန်တိန်နာယာဉ်အတွင်းမှ အလောင်းတွေဟာ ၎င်းတို့နိုင်ငံသားတွေဟုတ် မဟုတ် အတည်ပြုနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောထားပါတယ်။

(ဖမ်းဆီးထားသည့် ကွန်တိန်နာယာဉ်မောင်း) (Photo: BBC)

Daily Mail သတင်းတစ်ပုဒ်မှာ ဖော်ပြထားမှုအရ ကွန်တိန်နာယာဉ်အတွင်း တွေ့ရှိရတဲ့ အလောင်း ၃၉ လောင်းအနက် ဗီယက်နမ်နိုင်ငံသား ခြောက်ဦးပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဗြိတိန်တာဝန်ရှိသူတွေက အလောင်းတွေကို ရွှေ့ပြောင်းပြီ မည်သူမှန်းခွဲခြားသိရှိပြီး အတည်ပြုနိုင်ရန် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါတယ်။

အလောင်းများတွေ့ရတဲ့ ကွန်တိန်နာယာဉ်ဟာ ဘယ်လ်ဂျီယံနိုင်ငံမှ ကူးတို့သင်္ဘောတစ်စီးဖြင့် ဗြိတိန်သို့ရောက်ရှိလာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ထိုအတောအတွင်း ကွန်တိန်နာထဲမှာတွေ့ရတဲ့ အလောင်းတွေအနက် ဗီယက်နမ်နိုင်ငံသား သုံးဦးပါဝင်နိုင်မှုအပေါ် ၎င်းတို့မိသားစုတွေက စိုးရိမ်နေကြကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(ဗီယက်နမ်အမျိုးသမီး Pham Tra My) (Photo: Daily Mail)

ထိုမိသားစုတွေအနက် မိသားစုတစ်ခုမှ အမျိုးသမီးက မိခင်ဖြစ်သူထံ သူမ အသက်မရှူနိုင်တော့ဘဲ သေရတော့မယ်လို့ ဖုန်းမက်ဆေ့ချ် ပေးပို့ခဲ့ကြောင်း သိရပါတယ်။ မိသားစုရဲ့ပြောကြားမှုအရ အသက် ၂၆ နှစ်အရွယ် Pham Tra My အမည်ရှိ ဗီယက်နမ်အမျိုးသမီးက အောက်တိုဘာ ၂၂ ရက် ညပိုင်းမှာ ၎င်းတို့ထံ မက်ဆေ့ချ်ပို့ခဲ့ပြီးနောက် သူမကို ဆက်သွယ်လို့မရတော့ဘူးလို့ ဆိုပါတယ်။

Pham Tra My ကို ဗြိတိန်သို့ တရားမဝင် ပို့ဆောင်ပေးရန်အတွက် ပေါင်စတာလင် ၃၀,၀၀၀ ပေးခဲ့ရတယ်လို့ သူမရဲ့မိသားစုက ပြောခဲ့ပါတယ်။ နောက်ထပ် မိသားစုနှစ်ခုကလည်း ၎င်းတို့ရဲ့ ဆွေမျိုးတွေဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတို့ကို ဆက်သွယ်လို့မရကြောင်း BBC ကို ပြောပါတယ်။

(ကွန်တိန်နာယာဉ်ကို စစ်ဆေးနေစဉ်) (Photo: Ben Stanstall/AFP)

၂၀၀၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တရုတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူ ၅၈ ဦးကို အင်္ဂလန်အရှေ့တောင်ပိုင်း ဒိုဗာမြို့မှာ ကုန်တင်ကားနောက်ခန်းအတွင်း အသက်ရှူကျပ် သေဆုံးနေတာ တွေ့ရှိခဲ့ရဖူးပါတယ်။ ထိုဖြစ်ရပ်အတွင်း အသက်ရှင်သူနှစ်ဦးရှိခဲ့ပြီး ကုန်တင်ကားမောင်းသူ ဒတ်ချ်လူမျိုးတစ်ဦးကို လူသေမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

နောက်ဆက်တွဲသတင်းအရ ဗြိတိန်မှာ အလုံပိတ် ကွန်တိန်နာယာဥ်အတွင်း တွေ့ရှိရတဲ့ သေဆုံးနေသူတွေဟာ ကနဦး ထုတ်ပြန်ထားခဲ့သလို တရုတ်လူမျိုးများ မဟုတ်ဘဲ အားလုံးဟာ ဗီယက်နမ်လူမျိုးများဖြစ်ကြောင်း သိရပါတယ်။


Author


က္က