အလုံပိတ် ကွန်တိန်နာယာဉ်အတွင်း အလောင်း ၃၉ လောင်း တွေ့ခဲ့ရပါတယ်။

ဗြိတိန်မှာတွေ့ရတဲ့ အလုံပိတ် ကွန်တိန်နာယာဉ်အတွင်း သေဆုံးနေသူ ၃၉ ဦးအနက် ဗီယက်နမ်နိုင်ငံသား ခြောက်ဦးပါဝင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ဗီယက်နမ်မိသားစုအချို့က ၎င်းတို့ရဲ့ ဆွေမျိုးသားချင်းတွေ ပါဝင်နေနိုင်မှုအပေါ် စိုးရိမ်တကြီး ဖြစ်နေကြပါတယ်။

(အလောင်းများတွေ့ရသည့် ကိန်တိန်နာယာဉ်ကို စစ်ဆေးနေစဉ်) (Photo: Getty Images)

အဆိုပါ ဗီယက်နမ်မိသားစုများအနက်မှ မိသားစုနှစ်ခုရဲ့ ဆွေမျိုးသားချင်းဖြစ်သူ လူငယ်နှစ်ဦး ဓာတ်ပုံများကို မီဒီယာတွေက ဖော်ပြလာကြပါတယ်။ ဗီယက်နမ်မိသားစုတစ်ခုမှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး မိခင်ဖြစ်သူထံ သူမ အသက်မရှူနိုင်တော့ဘဲ သေရတော့မယ်လို့ ဖုန်းမက်ဆေ့ချ် ပေးပို့ခဲ့ကြောင်း ထုတ်ဖော်ပြောပါတယ်။



ိုမိသားစုရဲ့ ပြောကြားမှုအရ အသက် ၂၆ နှစ်အရွယ် ဖမ်ထရာမိုင် (Pham Tra My) အမည်ရှိ ဗီယက်နမ်အမျိုးသမီးက အောက်တိုဘာ ၂၂ ရက် ညပိုင်းမှာ ၎င်းတို့ထံ မက်ဆေ့ချ်ပို့ခဲ့ပြီးနောက် သူမကို ဆက်သွယ်လို့မရတော့ဘူးလို့ ဆိုပါတယ်။

(ဗီယက်နမ်အမျိုးသမီး ဖမ်ထရာမိုင်) (Photo: Daily Mail)

ဖမ်ထရာက ပိုမိုကောင်းမွန်တဲ့ ဘဝကို တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံမှတစ်ဆင့် ဗြိတိန်သို့ဝင်ရောက်နိုင်ရေး တရားမဝင် ပို့ဆောင်ပေးမယ့်သူတွေကို ပေါင်စတာလင် ၃၀,၀၀၀ (မြန်မာကျပ်ငွေ ၅၈၉ သိန်းကျော်) ပေးခဲ့ရတယ်လို့လည်း သူမရဲ့မိသားစုက ပြောပါတယ်။ "သူ မိသားစုဆီကို ပြန်ရောက်လာဖို့အတွက် ကူညီစုံစမ်းစစ်ဆေးပေးပါလို့ ဗြိတိန်ရဲတပ်ဖွဲ့ကို မေတ္တာရပ်ခံပါတယ်" လို့ ဖမ်ထရာရဲ့ မိသားစုဝင်တစ်ဦးက ဖွင့်ဟခဲ့ပါတယ်။

(ဗီယက်နမ်အမျိုးသား ငုယင်ဒင်လောင်း) (Photo: Daily Mail)

ဖမ်ထရာကဲ့သို့ပင် အသက် ၂၀ အရွယ် ငုယင်ဒင်လောင်း (Nguyen Dinh Luong) အမည်ရှိ အမျိုးသားတစ်ဦးကိုလည်း ကွန်တိန်နာယာဉ်အတွင်း သေဆုံးခဲ့သူတွေအနက် ပါဝင်နေမှာကို စိုးရိမ်နေကြောင်း ၎င်းရဲ့မိသားစုက ထုတ်ဖော်ပြောလာပါတယ်။

ငုယင်ဒင်လောင်းက ပြီးခဲ့တဲ့နှစ်ပတ်က ၎င်းတို့ထံဖုန်းဆက်သွယ်ခဲ့ပြီး ပြင်သစ်ကနေ ဗြိတိန်ကိုသွားရန် ပြင်ဆင်ထားကြောင်း ပြောခဲ့တယ်လို့ ဖခင်ဖြစ်သူ ငုယင်ဒင်ဂိုင်းက ပြောပါတယ်။ ငုယင်ဒင်လောင်းဟာ ပြင်သစ်နိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်းက တရားမဝင် နေထိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

(ကိန်တိန်နာယာဉ်အတွင်းမှ အလောင်းများကို သယ်ဆောင်သွားစဉ်) (Photo: Eastnews Press Agency)

ပြင်သစ်ကနေ ဗြိတန်ကိုသွားရောက်ရန် ပေါင်စတာလင် ၁၁,၀၀၀ (မြန်မာကျပ်ငွေ ၂၁၆ သိန်းကျော်) ပေးရမယ်လို့လည်း ငုယင်ဒင်လောင်းက ပြောခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ ဗီယက်နမ်အမျိုးသားတစ်ဦးက ၎င်းထံ ဖုန်းဆက်သွယ်ပြီး မထင်မှတ်တာ ဖြစ်သွားခဲ့ကြောင်းနဲ့ စိတ်မကောင်းကြောင်း ပြောခဲ့တယ်လို့ ငုယင်ဒင်လောင်းရ့ဖခင် ငုယင်ဒင်ဂိုင်းက AFP သတင်းဌာနကို ပြောပါတယ်။

"သူ အဲဒီလိုပြောတာ ကြားပြီးတော့ ကျွန်တော် လဲကျသွားတာပါပဲ၊ ကြည့်ရတာ ကျွန်တော့်သားလေး အဲဒီ ကွန်တိန်နာကားထဲမှာ လိုက်သွားခဲ့ပုံရပါတယ်ဗျာ၊ သူတို့အားလုံး သေကုန်ကြပြီလေ" လို့ ငုယင်ဒင်ဂိုင်းက ဖွင့်ဟခဲ့ပါတယ်။

(ဖမ်းဆီးထားသည့် ကိန်တိန်နာယာဉ်မောင်း) (Photo: BBC)

ဗြိတိန်နိုင်ငံရှိ ဗီယက်နမ်လူမျိုးတွေကို ကိုယ်စားပြုတဲ့ VietHome အဖွဲ့အစည်းရဲ့ အဆိုအရ အလုံပိတ် ကွန်တိန်နာယာဉ်အတွင်း အလောင်းများတွေ့ရှိရပြီးနောက်ပိုင်း ပျောက်ဆုံးနေသူ ၂၀ နီးပါးရဲ့ ဓာတ်ပုံတွေ လက်ခံရရှိထားကြောင်းလည်း သိရပါတယ်။

ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၃ ရက်) မှစပြီး ပျောက်ဆုံးနေသူတွေရဲ့ ဓာတ်ပုံတွေပေးပို့လာခဲ့ကြတယ်လို့ VietHome က ပြောပါတယ်။ ပျောက်ဆုံးနေသူတွေက အသက် ၁၅ နှစ်နဲ့ ၄၅ နှစ်ကြားအရွယ်တွေ ဖြစ်ကြကြောင်းလည်း ထိုအဖွဲ့အစည်းက ဆိုပါတယ်။

(ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် သောမတ်စ်နှင့် ဂျုအန်နာ) (Photo: Daily Mail)

အောက်တိုဘာ ၂၃ ရက် ဒေသစံတော်ချိန် မနက် ၁ နာရီ ၄၀ ဝန်းကျင်က လန်ဒန်မြို့အရှေ့ပိုင်းရှိ အရှေ့ပိုင်းရှိ Waterglade စက်မှုဇုန်နယ်မြေမှာ အလုံပိတ် ကွန်တိန်နာယာဉ်အတွင်း အလောင်း ၃၉ လောင်းကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ အလောင်းတွေဟာ အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီးရှစ်ဦးဖြစ်ပြီး မည်သူတွေဖြစ်ကြောင်း ခွဲခြားသိရှိ အတည်ပြုနိုင်ရန် စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောထားပါတယ်။

(စက်မှုဇုန်မှာတွေ့ရသည့် ကွန်တိန်နာယာဉ်) (Photo: Splashnews)

ကွန်တိန်နာယာဉ်အတွင်း အလောင်းများတွေ့ရှိရမှုနဲ့ ဆက်စပ်ပြီး မြောက်အိုင်ယာလန်မှ အသက် ၂၅ နှစ်အရွယ် မိုရော်ဘင်ဆန် အမည်ရှိ ကွန်တိန်နာယာဉ်မောင်းကို လူသတ်မှုသံသယဖြင့် ဖမ်းဆီးခဲ့တယ်။ ထို့နောက် ဗြိတိန်မှ အသက် ၃၈ နှစ်အရွယ်တွေဖြစ်ကြတဲ့ သောမတ်စ်နဲ့ ဂျိုအန်နာမာဟာတို့ စုံတွဲနဲ့ မြောက်အိုင်ယာလန်မှ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း လူကုန်ကူးရန် ပူးပေါင်းကြံစည်မှုနဲ့ လူသေမှု ၃၉ မှုတို့ဖြင့် သံသယရှိသူတွေအဖြစ် ဖမ်းဆီးထားကြောင်း သိရပါတယ်။

(ကွန်တိန်နာယာဉ်ကို ရှာဖွေတွေ့ရှိမှု သရုပ်ဖော်ပုံ) (Infographic: Daily Mail)

၂၀၀၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တရုတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူ ၅၈ ဦးကို အင်္ဂလန်အရှေ့တောင်ပိုင်း ဒိုဗာမြို့မှာ ကုန်တင်ကားနောက်ခန်းအတွင်း အသက်ရှူကျပ် သေဆုံးနေတာ တွေ့ရှိခဲ့ရဖူးပါတယ်။ ထိုဖြစ်ရပ်အတွင်း အသက်ရှင်သူနှစ်ဦးရှိခဲ့ပြီး ကုန်တင်ကားမောင်းသူ ဒတ်ချ်လူမျိုးတစ်ဦးကို လူသေမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

နောက်ဆက်တွဲသတင်းအရ ဗြိတိန်မှာ အလုံပိတ် ကွန်တိန်နာယာဥ်အတွင်း တွေ့ရှိရတဲ့ သေဆုံးနေသူတွေဟာ ကနဦး ထုတ်ပြန်ထားခဲ့သလို တရုတ်လူမျိုးများ မဟုတ်ဘဲ အားလုံးဟာ ဗီယက်နမ်လူမျိုးများဖြစ်ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က