သယ်ယူပို့ဆောင်ရေးကွန်ရက်တွေမှာ သက်ရောက်မှုဖြစ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ အင်္ဂလန်နဲ့ဝေးလ်မှာ နေရာအနှံ့အပြားမှာ အဓိက လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို လူဦးရေတစ်သန်းနီးပါး ကြုံတွေ့ခဲ့ရပြီး နေအိမ်များနဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေမှာ သက်ရောက်မှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

(Photo: @AmanCoonar/Twitter)

သြဂုတ် ၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ဓာတ်အားပေးစက်နှစ်ခုမှာ ချို့ယွင်းမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်းနဲ့ ထိုပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ဗြိတိန် National Grid Electricity System Operator က ပြောပါတယ်။ ဓာတ်အားပြတ်တောက်မှုကို အင်္ဂလန်ရဲ့ South East, South West, Midlands ဒေသများတစ်လျှောက်နဲ့ ဝေးလ်တို့မှာ ကြုံခဲ့ရပါတယ်။



လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ရထားခရီးစဉ်များ နှောင့်နှေးမှုနဲ့ ဖျက်သိမ်းရမှုတို့ ဖြစ်ပေါ်ခဲ့ပြီး လန်ဒန်မြို့ရှိ မီးပွိုင့်များ အလုပ်မလုပ်တော့ကြောင်း သိရပါတယ်။ 'ယနေ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုက ခရီးသွားလာရေးကို သက်ရောက်မှုတွေ ဖြစ်ခဲ့ကြောင်း' သယ်ယူပို့ဆောင်ရေးဌာနက ပြောပါတယ်။

(Photo: PA)

ဓာတ်အားပြတ်တောက်မှုကြောင့် သြဂုတ် ၉ ရက်နေ့က အသွားအလာများပြားချိန်မှာ King's Cross ဘူတာရုံမှ ရထားခရီးစဉ်အားလုံးကို ဆိုင်းငံ့ခဲ့ရပါတယ်။ ဘူတာရုံအပြင်ဘက်မှ အခြေအနေဟာ ဝရုန်းသုန်းကားဖြစ်နေခဲ့ပြီး ခရီးသည်တွေဟာ အကျိုးအကြောင်း ပြောကြားပေးမယ့်သူကို ရှာမတွေ့နိုင်ခဲ့ကြောင်း ခရီးသည်တစ်ဦးဖြစ်တဲ့ Zoe Hebblethwaite က ပြောခဲ့ပါတယ်။

BBC သတင်းဌာနမှ Emma Petrie ရဲ့ အဆိုအရ ဓာတ်အားပြတ်တောက်နေစဉ် ခရီးသည်တွေကို ဘူတာရုံကနေ ထွက်ခွာကြရန် ကြေညာခဲ့တယ်လို့ သိရပါတယ်။ နယူးကာဆယ်လေဆိပ်မှာလည်း ၁၅ မိနစ်ကြာမျှ ဓာတ်အားပြတ်တောက်မှု ဖြစ်ခဲ့ပါတယ်။ ဟီးသရိုး၊ ဂတ်ဝစ်ခ်နဲ့ လူတန် လေဆိပ်တွေမှာတော့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

(Photo: Daily Mail)

ယမန်နေ့က ဗြိတိန်မှာ ဓာတ်အားပြတ်တောက်မှုကို ဝေးလ်မှာရှိတဲ့ လူဦးရေ ၄၄,၅၀၀ အပါအဝင် Western Power Distribution ကုမ္ပဏီရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာ ဒေသအတွင်းရှိ လူဦးရေ ၅၀၀,၀၀၀ ခန့် ကြုံခဲ့ရပါတယ်။ အဆိုပါ နေရာတွေမှာ ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်က လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိခဲ့ကြကြောင်း သိရပါတယ်။ Northern Powergrid လျှပ်စစ်ဓာတ်အားကုမ္ပဏီကလည်း ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၀ မိနစ်နဲ့ ၆ နာရီကြားမှာ ၎င်းတို့ရဲ့ ဓာတ်အားသုံးစွဲသူ ၁၁၀,၀၀၀ ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

ထို့အတူ Electricity North West ကုမ္ပဏီကလည်း အင်္ဂလန်ရဲ့ North West ဒေသမှာ လူဦးရေ ၂၆,၀၀၀ ထက်မနည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရကြောင်း ထုတ်ပြန်ပါတယ်။ UK Power Networks ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ၎င်းတို့ကုမ္ပဏီရဲ့ လန်ဒန်နဲ့ South East ဒေသရှိ ဓာတ်အားသုံးစွဲသူ ၃၀၀,၀၀၀ ဟာ ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

(Photo: PA)

ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံတွေအရ မြေအောက်ရထားဘူတာရုံတွေ၊ အရောင်းဆိုင်တွေ၊ ရုံးခန်းတွေမှာ အမှောင်ကျနေတာ တွေ့ခဲ့ရပါတယ်။ အင်္ဂလန်နဲ့ဝေးလ်မှာ မကြုံစဖူး နေရာအများအပြား လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က