အမျိုးသမီးရှစ်ဦးနဲ့ အမျိုးသား ၃၁ ဦးတို့ရဲ့ အလောင်းတွေဖြစ်ပါတယ်။
Ko John

လန်ဒန်မြို့အရှေ့ပိုင်းရှိ စက်မှုဇုန်နယ်မြေတစ်ခုမှာ တွေ့ခဲ့ရတဲ့ အလုံပိတ် ကွန်တိန်နာယာဉ်အတွင်းမှ အလောင်း ၃၉ လောင်းဟာ တရုတ်နိုင်ငံသားတွေဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၂၄ ရက်) ပြောပါတယ်။

(Photo: SplashNews)

အဆိုပါ ကွန်တိန်နာယာဉ်ထဲမှ အလောင်းများတွေ့ရှိမှုနဲ့ပတ်သက်ပြီး မြောက်အိုင်ယာလန်ရှိ နေရာသုံးခုကို စီးနင်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ "အလောင်းရှစ်လောင်းက အမျိုးသမီးတွေဖြစ်ပြီး ၃၁ လောင်းက အမျိုးသားတွေ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်၊ အလောင်းတွေအားလုံးက တရုတ်နိုင်ငံသားဖြစ်တယ်လို့ ယုံကြည်ရပါတယ်" လို့ ဗြိတိန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: Ben Stansall/AFP)

အဆိုပါ အလောင်းတွေကို ဘယ်လ်ဂျီယံနိုင်ငံမှ ကူးတို့သင်္ဘောတစ်စီးဖြင့် ရောက်ရှိလာတဲ့ အလုံပိတ် ကွန်တိန်နာအတွင်း ယမန်နေ့ (အောက်တိုဘာ ၂၃ ရက်) ဒေသစံတော်ချိန် မနက် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

အလောင်း ၃၉ လောင်းနဲ့အတူ ကွန်တိန်နာယာဉ်ကို လန်ဒန်အရှေ့ပိုင်းရှိ Waterglade စက်မှုဇုန်မှာ တွေ့ခဲ့ရတာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် မိုရော်ဘင်ဆန် အမည်ရှိ ကွန်တိန်နာယာဉ်မောင်းကို လူသတ်မှုသံသယဖြင့် ဖမ်းဆီးထားပါတယ်။ ၎င်းဟာ မြောက်အိုင်ယာလန်မှဖြစ်တယ်လို့လည်း သိရပါတယ်။

(ဖမ်းဆီးထားသည့် ကွန်တိန်နာယာဉ်မာင်း) (Photo: BBC)

ကနဦးမှာတော့ အလောင်းများတွေ့ရတဲ့ ကွန်တိန်နာယာဉ်ဟာ ဘူလ်ဂေးရီးယားနိုင်ငံမှ ဗြိတိန်သို့ဝင်ရောက်လာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောထားခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တရုတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူ ၅၈ ဦးကို အင်္ဂလန်အရှေ့တောင်ပိုင်း ဒိုဗာမြို့မှာ ကုန်တင်ကားနောက်ခန်းအတွင်း အသက်ရှူကျပ် သေဆုံးနေတာ တွေ့ရှိခဲ့ရဖူးပါတယ်။ ထိုဖြစ်ရပ်အတွင်း အသက်ရှင်သူနှစ်ဦးရှိခဲ့ပြီး ကုန်တင်ကားမောင်းသူ ဒတ်ချ်လူမျိုးတစ်ဦးကို လူသေမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

နောက်ဆက်တွဲသတင်းအရ ဗြိတိန်မှာ အလုံပိတ် ကွန်တိန်နာယာဥ်အတွင်း တွေ့ရှိရတဲ့ သေဆုံးနေသူတွေဟာ ကနဦး ထုတ်ပြန်ထားခဲ့သလို တရုတ်လူမျိုးများ မဟုတ်ဘဲ အားလုံးဟာ ဗီယက်နမ်လူမျိုးများဖြစ်ကြောင်း သိရပါတယ်။-


က္က