ဓားဖြင့်ထိုးသူကို အခင်းဖြစ်နေရာမှာပင် ဖမ်းဆီးရမိခဲ့ပါတယ်။

အင်္ဂလန်တောင်ပိုင်း ရီးဒင်းမြို့ရှိ ပန်းခြံတစ်ခုမှာ အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးမှုကြောင့် လူသုံးဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

(Photo: EPA)

ဓားထိုးမှုအတွက် ရီးဒင်းမြို့မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားကို လူသတ်မှုသံသယဖြင့် အခင်းဖြစ်နေရာမှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ စနေနေ့ (ဇွန် ၂၀ ရက်) ဒေသစံတော်ချိန် ည ၇ နာရီခန့်က ရီးဒင်းမြို့ရှိ Forbury Gardens ပန်းခြံမှာ လူအချို့ ဓားထိုးခံရမှု ဖြစ်ပွားခဲ့ပါတယ်။



ယခုဖြစ်ရပ်ကို ဗြိတိန်ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း နောက်ဆက်တွဲ သတင်းအရ သိရှိရပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခဲ့သူရဲ့ အမည်ဟာ Khairi Saadallah ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ၎င်းဟာ ဗြိတိန်ထောက်လှမ်းရေး MI5 က သိရှိထားသူတစ်ဦးလို့လည်း ဆိုပါတယ်။ ဓားထိုးမှုများ ဖြစ်ပွားခဲ့တဲ့ ပန်းခြံနေရာမှာပင် ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသားဟာ လစ်ဗျားလူမျိုး ဖြစ်တယ်လို့ ယူဆရကြောင်း လုံခြုံရေးသတင်းရင်းမြစ်တွေက BBC ကို ပြောပါတယ်။

(အကြမ်းဖက်တိုက်ခိုက်ခဲ့သူ Khairi Saadallah) (Photo: AFP)

ပန်းခြံအတွင်း လူအုပ်စုများကြား အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးရန် ကြိုးပမ်းခဲ့ကြောင်းနဲ့ ထိုအမျိုးသားက ၎င်းထံသို့ မည်သို့ ဦးတည်လာခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက BBC ကို ပြောပါတယ်။ ပန်းခြံမှာ ဓားထိုးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရဲအရာရှိတစ်ဦးက ဓားကိုင်အမျိုးသားကို မြေပြင်ပေါ်သို့ လှဲချထိန်းချုပ်ကာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဓားထိုးမှုတွေ ဖြစ်ပွားခဲ့တဲ့ ရီးဒင်းမြို့ဟာ လန်ဒန်မြို့ အနောက်ဘက် မိုင် ၄၀ အကွာမှာရှိပြီး လူဦးရေ ၂၂၀,၀၀၀ ခန့် နေထိုင်ကြပါတယ်။

"လက်ရှိမှာ ဒီဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကိုင်တွယ်ဆောင်ရွက်နေတာ မရှိပါဘူး၊ ဒါပေမဲ့ အရာရှိတွေက တိုက်ခိုက်မှုအကြောင်းရင်းနဲ့ ပတ်သတ်ပြီး ဖြစ်နိုင်ခြေတွေကို ထည့်တွက်ထားပြီး အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ကလည်း အကူအညီပေးနေပါတယ်" လို့ Thames Valley ရဲတပ်ဖွဲ့မှ စုံစမ်းထောက်လှမ်းရေး အကြီးအကဲ Ian Hunter က ကနဦး ပြေထားခဲ့ပါတယ်။

(Photo: PA)

ဓားထိုးမှုများဖြစ်ပြီးနောက် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ရီးဒင်းမြို့ရှိ တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်းလည်း သိရပါတယ်။ ပန်းခြံအတွင်း ဓားထိုးမှုကို မိုဘိုင်းဖုန်းဖြင့် မှတ်တမ်းရယူနိုင်ခဲ့သူတွေကို ရဲတပ်ဖွဲ့နဲ့ဆက်သွယ်ကြရန် ပြောထားပါတယ်။ သို့သော် ထိုသို့ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတင်နိုင်ခဲ့ပါက သေဆုံးဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို လေစားတဲ့အနေနဲ့ ဆိုရှယ်မီဒီယာမှာ မတင်ကြရန်လည်း ရဲတပ်ဖွဲ့က တိုက်တွန်းထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က