ဗြိတိန်ဘုရင်မကြီး ဝင်ဆာရဲတိုက်သို့ မထွက်ခွာမီ ဝန်ထမ်းတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ် လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော်မှ ဝင်ဆာရဲတိုက်သို့ မထွက်ခွာမီ နန်းတော်ဝန်ထမ်းတစ်ဦးထံမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။

(လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော်) (Photo: Getty Images)

အသက် ၉၃ နှစ်အရွယ် ဘုရင်မကြီးဟာ အီစတာအားလပ်ရက် အနားယူရန်အတွက် ဝင်ဆာရဲတိုက်သို့ မူသတ်မှတ်ရက်ထက် တစ်ပတ်စောပြီ ထွက်ခွာခဲ့ပါတယ်။ အဆိုပါ နန်းတော်ဝန်ထမ်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေမကောင်းဖြစ်လာခဲ့ပြီးနောက် ၎င်းကို စစ်ဆေးခဲ့ရာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။



သို့သော် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နန်းတော်ဝန်ထမ်းဟာ ဘုရင်မကြီးနဲ့ အနီးကပ်ရှိခဲ့ခြင်းရှိ မရှိကိုတော့ မသိရသေးကြောင်း The Sun သတင်းက ဖော်ပြပါတယ်။ အမည်မဖော်ပြထားတဲ့ နန်းတော်ဝန်ထမ်းဟာ ပြန်လည်သက်သာနေပြီလို့လည်း ဆိုပါတယ်။ ဗြိတိန်ဘုရင်မကြီးရဲ့ ဘက်ကင်ဟမ်နန်းတော်မှာ ဝန်ထမ်း ၅၀၀ ရှိပြီး အခြား လုပ်ငန်းခွင်များကဲ့သို့ ဗိုင်းရပ်စ်ကူးစက်မှုရှိနိုင်ကြောင်း သတင်းရင်းမြစ်က The Sun ကို ပြောခဲ့ပါတယ်။

(ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်) (Photo: PA)

ဘက်ကင်ဟမ်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဝန်ထမ်းတစ်ဦးချင်းစီနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဘုရင်မကြီး အဲလိဇဘက်သ်ဟာ အီစတာအားလပ်ရက်များအတွင်း ခင်ပွန်းဖြစ်သူ အသက် ၉၈ နှစ်အရွယ် မင်းသားကြီးဖိလစ်နဲ့အတူ ဝင်ဆာရဲတိုက်မှာ နေထိုင်မှာဖြစ်ပါတယ်။

COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ဗြိတိန်ပြည်သူများ အတူတကွ လုပ်ဆောင်ကြရန်နဲ့ တော်ဝင်မိသားစုကလည်း သက်ဆိုင်ရာအပိုင်းကနေ ပါဝင်ရန်အသင့်ရှိကြောင်း ဘုရင်မကြီးက နိုင်ငံကို ပြောကြားထားပါတယ်။ မတ်လ ၂၂ ရက် မွန်းလွဲပိုင်းအထိ ဗြိတိန်မှာ COVID-19 ကူးစက်ခံရသူ ၅,၀၁၈ ဦးရှိပြီး ၂၃၃ ဦး သေဆုံးခဲ့ကြောင်းနဲ့ ပြန်လည်သက်သာသူ ၁၉ ဦးရှိကြောင်း သိရပါတယ်။

(မင်းသားကြီးဖိလစ်) (Photo: PA)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၂၂ ရက် နေ့လယ်ပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၉,၃၉၁ ဦးနဲ့ သေဆုံးသူ ၁၂,၈၈၈ ဦးအထိ ရှိလာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က