ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် ယှဉ်ပြိုင်ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း ၁၀ ဦးကို ကွန်ဆာဗေးတစ်ပါတီက နောက်ဆုံး အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

(ဘောရစ်ဂျွန်ဆင်နှင့် မိုက်ကယ်ဂိုဗီ) (Photo: EPA, Andrew Parsons/i-Image)

ဇွန်လ ၇ ရက်မှာ ရာထူးကနေ နှုတ်ထွက်သွားခဲ့တဲ့ ထရီဆာမေရဲ့ နေရာကိုဆက်ခံမယ့် ဗြိတိန်ဝန်ကြီးချုပ်လောင်း ၁၀ ဦးအနက် ကိုယ်စားလှယ်လောင်း အမည်စာရင်း နောက်ဆုံးတင်သွင်းရက် မတိုင်မီကတည်းက မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်နေခဲ့ကြတဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရမီဟန့် (Jeremy Hunt)၊ Brexit ဝန်ကြီးဟောင်း ဒိုမီနစ်ရက်ဘ် (Dominic Raab)၊ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ် (Matt Hancock) နဲ့ မိုက်ကယ်ဂိုဗီ (Michael Gove) တို့ ပါဝင်လာပါတယ်။



(ဂျရမီဟန့်နှင့် ဒိုမီနစ်ရက်ဘ်) (Photo: AP, PA)

ဇွန်လ ၁၀ ရက်နေ့က အတည်ပြု ထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေအနက် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ ထင်ကြေးပေးမှုတွေရှိနေခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းရဲ့ ဗြိတိန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်နေရာအတွက် ထောက်ခံကြောင်း ထုတ်ဖော်ပြောထားခံရသူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင် (Boris Johnson) လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

(အက်စ်သာမက်ဗီး၊ ဆာဂျစ်ဂျာဗစ်နှင့် မတ်ဟန်းကော့ခ်) (Photo: PA)

ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်ရွေးချယ်ခံမယ့် နောက်ထပ် ကိုယ်စားလှယ်လောင်းတွေကတော့ ပါတီစည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဟောင်း မာ့ခ်ဟာပါး (Mark Harper)၊ ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျာဗစ် (Sajid Javid)၊ ဗြိတိန်လွှတ်တော် အကြီးအကဲ အန်ဒရီယာ လိဒ်ဆမ် (Andrea Leadsom)၊ အလုပ်သမားနဲ့ပင်စင် ဝန်ကြီးဟောင်း အက်စ်သာမက်ဗီး (Esther McVey)၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ရိုရီစတီးဝပ် (Rory Stewart) တို့ ဖြစ်ကြပါတယ်။

(အန်ဒရီယာ လိဒ်ဆမ်၊ ရိုရီစတီးဝပ်နှင့် မာ့ခ်ဟာပါး) (Photo: Ken McKey, Jonathan Hordle, Paul Grover/REX/Shutterstock)

အစောပိုင်းမှာ ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်ရွေးချယ်ခံရန် ပြင်ဆင်ထားတဲ့ တက္ကသိုလ်များဆိုင်ရာ ဝန်ကြီးဟောင်း ဆမ်ဂျီမား (Sam Gyimah) ကတော့ လိုအပ်တဲ့ထောက်ခံမှု မရရှိနိုင်ကြောင်း ဝန်ခံခဲ့ပြီး ကိုယ်စားလှယ်လောင်းအဖြစ်မှ နှုတ်ထွက်သွားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်မှု ပထမအဆင့်ကို ကွန်ဆာဗေးတစ် လွှတ်တော်အမတ်တွေက ကြာသပတေးနေ့ (ဇွန် ၁၃ ရက်) မှာ ပြုလုပ်သွားမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းနှစ်ဦးကို ရွေးချယ်မှာဖြစ်ပါတယ်။

(ကိုယ်စားလှယ်လောင်းအဖြစ်မှ နှုတ်ထွက်သွားသည့် ဆမ်ဂျီမား) (Photo: PA)

လွှတ်တော်အမတ်တွေက ပထမအဆင့်မှာ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းနှစ်ဦးကို ပါတီဝင်တွေက ဒုတိယအဆင့်အဖြစ် မဲပေးရွေးချယ်သွားမယ်လို့ သိရပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံရသူကိုတော့ ဇူလိုင် ၂၂ ရက်မှာ ကြေညာသွားမှာဖြစ်ပြီး မည်သူက ဝန်ကြီးချုပ်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Source: BBC, Reuters, The Guardian


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က