ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ သုံးရက်ကြာ ကုသမှုခံယူခဲ့ရပြီးနောက် ဧပြီ ၉ ရက်နေ့မှာ အထူးကြပ်မတ်ဆောင်မှ ရွှေ့ပြောင်းနိုင်ခဲ့ပြီလို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
"ဝန်ကြီးချုပ်ကို ဒီနေ့ညနေမှာ အထူးကြပ်မတ်ကုသဆောင်နေ လူနာဆောင်ကို ရွှေ့ပြောင်းခဲ့ပါတယ်၊ အဲဒီမှာ သူ့ရဲ့ အစောပိုင်းအဆင့် ပြန်လည်သက်သာလာမှုကို အနီးကပ်စောင့်ကြည့်မှု ခံယူသွားမှာပါ" လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဟာ လန်းလန်းဆန်းဆန်းရှိတယ်လို့လည်း ဆိုပါတယ်။
ဘောရစ်ဂျွန်ဆင်ဟာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် နေအိမ်မှာ အသွားအလာကန့်သတ်ပြီး နေထိုင်ခဲ့ပေမဲ့ ရောဂါလက္ခဏာ ဆက်ရှိနေတာကြောင့် တနင်္ဂနွေနေ့ (ဧပြီ ၅ ရက်) ညနေပိုင်းမှာ ဆေးရုံတက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဘောရစ်ဂျွန်ဆင်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အထင်ရှားဆုံး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ကိုယ်ဝန်ဆောင် လက်တွဲဖော် ကာရီဆိုင်မွန်စ်ဟာလည်း COVID-19 လက္ခဏာများနဲ့ တစ်ပတ်ကြာ နေမကောင်းဖြစ်ခဲ့သေးပေမဲ့ ယခုအခါမှာတော့ ပြန်လည်သက်သာနေပြီလို့ သိရပါတယ်။
ယနေ့ (ဧပြီ ၁၀ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ ဗြိတိန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၆၅,၀၇၇ ဦးနဲ့ သေဆုံးသူ ၇,၉၇၈ ဦးအထိ မြင့်တက်နေခဲ့ပြီး ပြန်လည်သက်သာသူ အရေအတွက် ၁၃၅ ဦးရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ ယနေ့ မနက်အစောပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၅၉၈,၁၇၇ ဦး၊ သေဆုံးသူ ၉၅,၄၀၃ ဦးနဲ့ ပြန်လည်သက်သာလာသူ ၃၅၅,၄၀၁ ဦးရှိကြောင်း သိရပါတယ်။
Source: AFP