ဘောရစ်ဂျွန်ဆင်နဲ့ မတ်ဟန်းကွတ်ခ်တို့ နှစ်ဦးလုံးဟာ ရောဂါလက္ခဏာ မပြင်းထန်ကြဘူးလို့ ဆိုပါတယ်။
Ko John

ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်နဲ့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်တို့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိမှာ သီးခြားခွဲနေထိုင်လျက်ရှိကြတယ်လို့ သိရပါတယ်။

(Photo: PA)

ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဟာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပေမဲ့ COVID-19 တိုက်ဖျက်ရေး အစိုးရရဲ့ စီမံဆောင်ရွက်မှုကို ဆက်လက် ဦးဆောင်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ "ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကျွန်တော့်မှာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေရှိလာခဲ့ပြီး စစ်ဆေးမှုအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်" လို့ ဘောရစ်ဂျွန်ဆင်က Twitter မှာ ပြောထားပါတယ်။



"အခုလက်ရှိ ကျွန်တော် တစ်ယောက်တည်း သီးခြားခွဲနေထိုင်နေပါတယ်၊ အစိုးရရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေကို video-conference အစည်းအဝေးကနေတစ်ဆင့် ကျွန်တော် ဆက်လက် ဦးဆောင်သွားပါမယ်" လို့ ၎င်းက ဆိုပါတယ်။



(Photo: Andrew Parsons/10 Downing Street)

အသက် ၅၅ နှစ်အရွယ် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ လွှတ်တော်မှာ အပတ်စဥ် မေးမြန်းမှုအစီအစဥ်ကို တက်ရောက်ဖြေကြားခဲ့ပြီးနောက် တစ်ရက်အကြာ ကြာသပတေးနေ့ (မတ်လ ၂၆ ရက်) မှစပြီး မပြင်းထန်တဲ့ ရောဂါလက္ခဏာများ ဖြစ်လာခဲ့ကြောင်း ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရအမျိုးသားက ပြောခဲ့ပါတယ်။

"ဝန်ကြီးချုပ်က အင်္ဂလန်ရဲ့ ကျန်းမာရေးအရာရှိချုပ် ပါမောက္ခ ခရစ်ဝစ်တီရဲ့ ပုဂ္ဂိုလ်ရေးအကြံပေးမှုအရ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့ပါတယ်၊ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာပဲ NHS ဝန်ထမ်းတွေက ဗိုင်းရပ်စ်စစ်ဆေးပေးခဲ့ပြီး postive အဖြေထွက်ခဲ့ပါတယ်" လို့ ပြောခွင့်ရအမျိုးသားက ပြောကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ ဝန်ကြီးချုပ်ကဲ့သို့ပင် ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်ဟာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရပေမဲ့ ရောဂါလက္ခဏာ မပြင်းထန်ဘူးလို့ ဆိုပါတယ်။

မတ်လ ၂၇ ရက် ညနေပိုင်းအထိ ဗြိတိန်မှာ COVID-19 ကူးစက်ခံရသူ ၁၁,၈၁၆ ဦးရှိပြီး ၅၇၈ ဦး သေဆုံးခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဗြိတန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ ၁၃၅ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။ မတ်လ ၂၇ ရက် ညနေပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ သန်းတစ်ဝက်ကျော် (၅၄၂,၇၈၈ ဦး) နဲ့ သေဆုံးသူ ၂၄,၃၆၁ ဦးအထိ မြင့်တက်လာပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသွားသူ ၁၂၄,၃၅၁၈ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။


Author


က္က