အီတလီနိုင်ငံသားများ အိမ်မှာနေတာ အကောင်းဆုံးဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
Ko John

အီတလီအစိုးရက COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် တားမြစ်ပိတ်ပင်မှု အပါအဝင် တင်းကျပ်တဲ့ စီမံဆောင်ရွက်မှုများကို တစ်နိုင်ငံလုံးမှာ တိုးချဲ့သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

(Photo: AP)

ဝန်ကြီးချုပ် Giuseppe Conte က ပြည်သူများအား အလုပ် သို့မဟုတ် မိသားစုအရေးပေါ်ကိစ္စအတွက် ခရီးသွားရန်သာ ခွင့်ပြုပေးမယ်လို့ ပြောပါတယ်။ ယနေ့ (မတ်လ ၁၀ ရက်) စတင်သက်ရောက်တဲ့ အသွားအလာ ကန့်သတ်ပိတ်ပင်မှုကို အီတလီတစ်နိုင်ငံလုံးမှာ တိုးချဲ့သတ်မှတ်ခြင်းဟာ အများပြည်သူများထဲမှ ဗိုင်းရပ်စ်ကူးစက်ခံရရန် အလွယ်ဆုံးသူတွေကို ကာကွယ်ရန်ဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

အီတလီနိုင်ငံသားများ အိမ်မှာနေတာ အကောင်းဆုံးဖြစ်တယ်လို့လည်း ရုပ်မြင်သံကြားမှတစ်ဆင့် ယမန်နေ့ (မတ် ၉ ရက်) မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားပါတယ်။ ယခု တိုးချဲ့ဆောင်ရွက်မှုအရ အီတလီတစ်နိုင်ငံလုံး ဘောလုံးပွဲတွေအပါအဝင် အားကစားပွဲများကိုလည်း ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။

(Photo: Remo Casilli/Reuters)

မတ်လ ၉ ရက် ညပိုင်းအထိ စာရင်းတွေအရ အီတလီနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉,၁၇၂ ဦးနဲ့ သေဆုံးသူ ၄၆၃ ဦးအထိ သိသာစွာ မြင့်တက်လာခဲ့ပါတယ်။ မတ်လ ၉ ရက်နေ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၉၇ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိမှာ အီတလီဟာ COVID-19 ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံပြီးပါက သေဆုံးမှုအများဆုံး နိုင်ငံဖြစ်လာပါတယ်။

နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကူးစက်မှုတွေကို အီတလီ နေရာဒေသ ၂၀ လုံးမှာ စစ်ဆေးတွေ့ရှိထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာမှုကြောင့် အီတလီအစိုးရက မတ်လ ၈ ရက် အစောပိုင်းမှစပြီး လူဦးရေ ၁၆ သန်းရှိတဲ့ နိုင်ငံမြောက်ပိုင်း Lombardy ဒေသနဲ့ အခြား နေရာဒေသ ၁၄ ခုမှာ အဝင်အထွက် ပိတ်ပင်ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

(Photo: AP)

ထိုသို့ ပိတ်ပင်ခဲ့ပေမဲ့ ရထား၊ ကားနဲ့ လေယာဥ်ခရီးစဥ်များ နိုင်ငံမြောက်ပိုင်းကို အဝင်အထွက် ဆက်လက်ရှိနေခဲ့ပါတယ်။ ယခုအခါ တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်လိုက်ခြင်းက အီတလီလူဦးရေ သန်း ၆၀ ကျော်ကို သက်ရောက်မှုရှိစေမှာလည်း ဖြစ်ပါတယ်။ အီတလီမှာ ကျောင်းများနဲ့ တက္ကသိုလ်များကိုလည်း ဧပြီ ၃ ရက်နေ့အထိ ပိတ်ထားမယ်လို့ သိရပါတယ်။ အစောပိုင်းမှာတော့ ကျောင်းများနဲ့ တက္ကသိုလ်များ အားလုံးကို မတ်လ ၁၅ ရက်နေ့အထိ ပိတ်ထားမယ်လို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ အားလုံး အီတလီကောင်းဖို့အတွက် တစ်ခုခု ပေးဆပ်ကြရပါမယ်၊ ဒါကို အခုပဲ ကျွန်တော်တို့ လုပ်ရမှာပါ၊ ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြပြီး ပိုမိုတင်းကျပ်တဲ့ စီမံဆောင်ရွက်ချက်တွေအတိုင်း လိုက်နာကြမှသာ ကျွန်တော်တို့ အဲဒီလို လုပ်ဆောင်နိုင်ပါလိမ့်မယ်၊ ဒါကြောင့် နိုင်ငံသားအားလုံးရဲ့ ကျန်းမာရေးကို ကာကွယ်ရေးအတွက် ပိုမိုတင်းကျပ် ပြင်းထန်တဲ့ စီမံချက်တွေ ချမှတ်လုပ်ဆောင်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်" လို့ ဝန်ကြီးချုပ် ပြောပါတယ်။

(Photo: AP)

ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ရောဂါဗိုင်းရပ်စ်ကြောင့် မတ်လ ၉ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၃,၁၁၉ ဦး၊ အီတလီမှာ ၄၆၃ ဦး၊ အီရန်မှာ ၂၃၇ ဦး၊ တောင်ကိုရီးယားမှာ ၅၁ ဦး၊ အမေရိကန်မှာ ၂၂ ဦး၊ ပြင်သစ်မှာ ၂၁ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း စုစုပေါင်း သေဆုံးသူအရေအတွက် ၃,၉၆၂ ဦးအထိ မြင့်တက်လာပါတယ်။ မတ်လ ၉ ရက် ညပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ၈၀,၇၃၅ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၀,၈၅၉ ဦးရှိပြီး ပြန်လည်သက်သာလာသူ ၆၂,၄၉၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Source: AP, BBC


ဆက်စပ်အကြောင်းအရာများ


က္က