loading...

loading...

loading...

ကျောင်းတွေကို နှစ်ပတ်ကြာ ပိတ်ထားမယ်လို့ ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ပြောပါတယ်။
Ko John

ထိုင်းနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဟန့်တားရေးအတွက် ဧပြီလအတွင်း ဆွန်ခရန် နှစ်သစ်ကူးပွဲတော် (ထိုင်းသင်္ကြန်ပွဲ) အားလပ်ရက်ကို ‌ရွှေ့ဆိုင်းရန်နဲ့ ကျောင်းများပိတ်ထားရန် အစိုးရအဖွဲ့က ယနေ့ (မတ်လ ၁၇ ရက်) အတည်ပြုလိုက်ကြောင်း ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။

(Photo: Patipat Janthong)

တနင်္လာနေ့ (မတ်လ ၁၆ ရက်) က ကျောင်းများ၊ ဘားဆိုင်များ၊ ရုပ်ရှင်ရုံများ၊ ကြက်တိုက်ကွင်းများနဲ့ အခြား ဖျော်ဖြေရေးနေရာတွေကို ပိတ်ပင်ရန်နဲ့ ထိုင်းနှစ်သစ်ကူး အားလပ်ရက်ကို ရွှေ့ဆိုင်းရန် အစီအစဥ်တွေ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယနေ့မှာ အစိုးရအဖွဲ့က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ထိုင်းနှစ်သစ်ကူး အားလပ်ရက်ဟာ ဧပြီ ၁၃ ရက်မှ ၁၅ ရက်နေ့အထိဖြစ်ကြောင်း သိရပါတယ်။

ထိုင်းအစိုးရက နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရန်ရည်ရွယ်ပြီး ဆွန်ခရန်ပွဲတော်ကာလ အားလပ်ရက်ကို နောက်ထပ်နှစ်ရက် ထပ်တိုးသတ်မှတ်သွားရန် စဥ်းစားနေကြောင်း ဖေဖေါ်ဝါရီလအတွင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောထားခဲ့ပါတယ်။ ယခုအခါမှာတော့ ဗိုင်းရပ်စ်ဂယက်ကြောင့် ထိုင်းသင်္ကြန်အားလပ်ရက်ကို ရွှေ့ဆိုင်းလိုက်ပြီလည်း ဖြစ်ပါတယ်။ (Photo: The Thaiger)

"အစိုးရအဖွဲ့က ဆွန်ခရန်အားလပ်ရက် ရွှေ့ဆိုင်းထားဖို့နဲ့ ကျောင်းတွေပိတ်ဖို့ အတည်ပြုလိုက်ပါပြီ" လို့ ထိုင်းအစိုးရ လက်ထောက် ပြောခွင့်ရအမျိုးသမီး Ratchada Thanadirek က Reuters သတင်းဌာနကို ပြောပါတယ်။ ဖျော်ဖြေရေးနေရာများ ပိတ်ပင်မှုဟာ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ကြောင်းလည်း သူမက ဆိုပါတယ်။

ဖျော်ဖြေရေးနေရာများ ပိတ်ပင်ထားမယ့် အစီအစဥ် အသေးစိတ်ကို မကြာမီ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။ ကျောင်းနဲ့တက္ကသိုလ်တွေကို ဗုဒ္ဓဟူးနေ့ (မတ်လ ၁၈ ရက်) မှစပြီး နှစ်ပတ်ကြာ ပိတ်ထားမယ်လို့ ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ယနေ့ ပြောပါတယ်။

(Photo: AP)

ထိုင်းနိုင်ငံ Buri Ram ခရိုင်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတိုက်ဖျက်ရေးအတွက် အဝင်အထွက် ပိတ်ပင်ထားမယ်လို့ အုပ်ချုပ်ရေးမှူး Thatchakorn Hatthathayakul က တနင်္လာနေ့ (မတ်လ ၁၆ ရက်) မှာ ကြေညာခဲ့ကြောင်းလည်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ မတ်လ ၁၇ ရက် မွန်းလွဲပိုင်းအထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၇ ဦး စစ်ဆေးအတည်ပြုထားပြီး ၁ ဦး သေဆုံးခဲ့ကာ ၃၄ ဦး ပြန်လည်သက်သာခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် လက်ရှိအချိန်အထိ မြန်မာနဲ့ လာအိုကလွဲပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ တွေ့ရှိထားပါတယ်။ မတ်လ ၁၇ ရက် မွန်းလွဲပိုင်းအထိ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်မှာ ၁၂ ဦး၊ အင်ဒိုနီးရှားမှာ ၅ ဦး၊ မလေးရှားမှာ ၂ ဦးနဲ့ ထိုင်းမှာ ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


loading...

က္က