loading...

loading...

loading...

ကိုယ်ပိုင်အစီအစဥ်ဖြင့် ၁၄ ရက်ကြာ သီးသန့်ခွဲခြား နေထိုင်ရမှာ ဖြစ်ပါတယ်။
Ko John

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်ဖြစ်ပွားနေတဲ့ နိုင်ငံများနဲ့ နေရာဒေသများမှ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်နဲ့ ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာသူတွေကို ၎င်းတို့ ကိုယ်ပိုင်အစီအစဥ်ဖြင့် ၁၄ ရက်ကြာ သီးသန့်ခွဲခြား နေထိုင်စေမယ်လို့ သိရပါတယ်။

(Photo: Reuters)

ဗိုင်းရပ်စ်ကူးစက်မှုတွေ ဆိုးရွားစွာဖြစ်ပွားနေတဲ့ နိုင်ငံများမှ ရှန်ဟိုင်းမြို့သို့ ဝင်ရောက်လာသူတိုင်းကို လူမျိုး၊ နိုင်ငံသား မခွဲခြားဘဲ ၁၄ ရက်ကြာ သီးသန့်ခွဲခြား နေထိုင်စေမယ်လို့ ရှန်ဟိုင်းအုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရအမျိုးသား Xu Wei က ယမန်နေ့ (မတ်လ ၃ ရက်) သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဟောင်ကောင်နဲ့ကပ်လျက် တရုတ်အရှေ့တောင်ပိုင်းရှိ ဂွမ်ဒေါင်းပြည်နယ်ကလည်း အလားတူ စည်းမျဥ်းတစ်ရပ်ကို ယမန်နေ့ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အကြောင်း ဖော်ပြခဲ့တဲ့ Nanfang Daily သတင်းစာက ဂွမ်ဒေါင်းပြည်နယ်ရဲ့ စည်းမျဥ်းအရ မည်သည့် နိုင်ငံများ အကျုံးဝင်ကြောင်းကိုတော့ မဖော်ပြခဲ့ဘူးလို့ ဆိုပါတယ်။

(Photo: Reuters)

တရုတ်ပြင်ပ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေ အလျင်အမြန် မြင့်တက်ဖြစ်ပွားနေမှုအရ ဂွမ်ဒေါင်းပြည်နယ်က ယခုစည်းမျဥ်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ထုတ်ပြန်ကြေညာမှုအရ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၇ ရက်မှ မတ်လ ၁ ရက်အထိ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားနေတဲ့ နိုင်ငံများမှ ဂွမ်ဒေါင်းပြည်နယ်သို့ ဝင်ရောက်လာခဲ့သူ ၁,၄၉၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဝင်ရောက်လာသူတွေကို စစ်ဆေးခဲ့ရာမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ COVID-19 ဗိုင်းရပ်စ်ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။

(Photo: Getty Images)

သို့သော် လတ်တလောမှာ တရုတ်ပြည်မကြီးအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှု လျော့ကျလာခဲ့ပြီး တောင်ကိုရီးယား၊ အီရန်၊ အီတလီနဲ့ ဂျပန် အပါအဝင် တရုတ်ပြင်ပ နိုင်ငံတွေမှာ ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားနေပါတယ်။ တရုတ်နိုင်ငံက လတ်တလော ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ မြင့်တက်နေတဲ့ အီရန်နိုင်ငံမှာရောက်ရှိနေတဲ့ ၎င်းရဲ့နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ရန် ယမန်နေ့ ညနေပိုင်းက လေယာဥ်တစ်စီး စေလွှတ်လိုက်ကြောင်း အစိုးရသတင်းစာ People's Daily လက်အောက်ခံ Global Times သတင်းစာက ဖော်ပြပါတယ်။

နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြတဲ့ တရုတ်နိုင်ငံသားတွေကိုလည်း ဗိုင်းရပ်စ်ကူးစက်မှုူအန္တရာယ်ရှိတာကြောင့် တတ်နိုင်သမျှ ခရီးသွားလာခြင်း မပြုကြရန် တရုတ်အစိုးရက တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်ပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှုဟာ တရုတ်ပြည်မကြီးမှာထက် ရှစ်ဆနီးပါးအထိ ပိုများခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က မတ်လ ၃ ရက်မှာ ပြောပါတယ်။

(Photo: AFP)

မတ်လ ၃ ရက် ညပိုင်းအထိ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တရုတ်ပြည်မကြီးမှာ ၂,၉၄၃ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၃,၁၂၈ ဦးအထိ မြင့်တက်လာပါတယ်။ မတ်လ ၃ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၈၀,၁၅၁ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၂,၁၂၃ ဦးရှိလာခဲ့ပြီး ၎င်းတို့အနက် ၄၈,၁၉၀ ဦး ပြန်လည်သက်သာခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က