ဗစ်တိုးရီးယားပြည်နယ်ကို စစ်ဘက်အမှုထမ်း ၁,၀၀၀ စေလွှတ်ထားပါတယ်။

ဩစတြေးလျနိုင်ငံမှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ ဗစ်တိုးရီးယားပြည်နယ်ကို စစ်ဘက်အမှုထမ်း ၁,၀၀၀ စေလွှတ်ထားကြောင်း သိရပါတယ်။

(Photo: William West/AFP)

လတ်တလော ရက်ပိုင်းအတွင်း ဗစ်တိုးရီးယားမှာ COVID-19 ကူးစက်မှုအသစ် ၁၅၀ အထိ မြင့်တက်လာခဲ့ပြီးနောက် စစ်ဘက်အမှုထမ်းတွေကို စေလွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့မှာ ကူးစက်မှုအစုအဝေးအသစ် တွေ့ရှိလာရတယ်လို့ ဆိုပါတယ်။ ဩစတြေးလျဟာ ပိတ်ပင်ကန့်သတ်တဲ့ စီမံဆောင်ရွက်ချက်များ အလျင်အမြန် လုပ်ဆောင်ပြီး COVID-19 ကူးစက်မှု ထိန်းချုပ်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ချီးကျူးခဲ့ကြပါတယ်။



ဩစတြေးလျမှာ ကူးစက်ခံရသူ ၇,၄၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၄ ဦးရှိခဲ့ရာ နိုင်ငံအများအပြားထက် များစွာနည်းပါးခဲ့ပါတယ်။ ယခုအခါမှာလည်း COVID-19 ကူးစက်မှုတွေ မြင့်တက်နေခဲ့တဲ့ ဗစ်တိုးရီးယားပြည်နယ်သို့ စစ်တပ်စေလွှတ်ပြီး အာဏာပိုင်တွေကို ကူညီပေးရန် ဩစတြေးလျအစိုးရက မကြံစဖူး ဆောင်ရွက်လာခဲ့ပါတယ်။

(Photo: EPA)

မဲလ်ဘုန်းမြို့မှာ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ ၁,၃၀၀ ကျော်က ကူးစက်မှုတွေ့ရတဲ့ နေရာတွေမှာ ဗိုင်းရပ်စစ်စစ်ဆေးမှု အများအပြား လုပ်ဆောင်နေကြပါတယ်။ "ပြည်တွင်းကူးစက်မှု အရေအတွက်ကို မထိန်းနိုင်တဲ့ အခြေအနေအထိ စောင့်နေတာထက် ကျွန်တော်တို့ တစ်အိမ်တက်ဆင်း သွားပါမယ်၊ အများပြည်သူကျန်းမာရေး ဆောင်ရွက်မှုကို အိမ်တံခါးဝအထိ လိုက်လံဆောင်ရွက်နေပါတယ်" လို့ ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒန်နီရယ်အန်ဒရူးစ်က ပြောပါတယ်။

ဗစ်တိုးရီးယားမှာ ၁၀ ရက်အတွင်း လူဦးရေ ၁၀၀,၀၀၀ အထိကို ဗိုင်းရပ်စ်စစ်ဆေးရန် အာဏာပိုင်တွေက မျှော်လင့်ထားကြောင်းလည်း ၎င်းကဆိုပါတယ်။ ဩစတြေးလျနိုင်ငံရဲ့ ဒုတိယ လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ ဗစ်တိုးရီးယားမှာ COVID-19 ကူးစက်မှုများ မြင့်တက်နေမှုကြောင့် အရေးပေါ် အခြေအနေထုတ်ပြန်ထားမှုကို နောက်ထပ် လေးပတ်တိုးပြီး ဇူလိုင် ၁၉ ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရပါတယ်။

Source: AFP, Reuters, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က