loading...

loading...

loading...

တစ်နိုင်ငံလုံးရှိ လူဦးရေ ၁.၃ ဘီလီယံကို တစ်နေ့တာ အပြင်မထွက်ရန် ဝန်ကြီးချုပ်မိုဒီက ညွှန်ကြားလိုက်ပါတယ်။
Ko John

အိန္ဒိယမှာ COVID-19 ကူးစက်ဖြစ်ပွားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဥ် ဆိုက်ရောက်မှုတွေ ပိတ်ပင်မှုနဲ့အတူ တစ်နိုင်ငံလုံးရှိ လူဦးရေ ၁.၃ ဘီလီယံကို တစ်နေ့တာ အပြင်မထွက်ရန် ဝန်ကြီးချုပ်မိုဒီက ညွှန်ကြားလိုက်ပါတယ်။

(Photo: Rajanish Kakade/AP)

လာမယ့် တနင်္ဂနွေနေ့ (မတ်လ ၂၂ ရက်) မှာ မနက် ၇ နာရီမှ ည ၉ နာရီအထိ အိမ်ပြင်မထွက်ရန် ညွန်ကြားချက်ဟာ COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေး ပြင်းထန်တဲ့ စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ရန် အိန္ဒိယရဲ့ စွမ်းပကားကို စမ်းသပ်လိမ့်မယ်လို့ မိုဒီကဆိုပါတယ်။ မတ်လ ၂၀ ရက် ညနေပိုင်းအထိ စာရင်းတွေအရ အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၅ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယပြည်သူတွေက ဗိုင်းရပ်စ်စိုးရိမ်မှုဖြင့် အစားအစာနဲ့ မရှိမဖြစ် လိုအပ်တဲ့ အသုံးအဆောင်တွေကို အပြေးအလွှား ဝယ်ယူနေခဲ့ကြကြောင်းလည်း သိရပါတယ်။ ဗိုင်းရပ်စ်ခြိမ်းခြောက်မှုဟာ သာမန်မဟုတ်ကြောင်းနဲ့ လူတိုင်းအနေနဲ့ လူစုလူဝေးကို ရှောင်ကြဥ်ပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြရန် ဝန်ကြီးချုပ်မိုဒီက တိုက်တွန်းခဲ့ပါတယ်။

(Photo: Reuters)

"ဒါတွေက စမ်းသပ်ချိန်တွေပါ၊ ဒါပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဟန့်တားဖို့ ကျွန်တော်တို့အားလုံး စည်းကမ်းလိုက်နာကြရပါမယ်" လို့ မိုဒီက ပြောပါတယ်။ COVID-19 ကူးစက်ဖြစ်ပွားမှုဟာ အိန္ဒိယစီးပွားရေးကို အပြင်းအထန် ထိခိုက်ခဲ့ကြောင်းလည်း ဝန်ကြီချုပ်က ဖြည့်စွက်ပြောခဲ့ပါတယ်။

မဖြစ်မနေ ဝန်ဆောင်မှုတွေမှာ လုပ်ကိုင်သူတွေကလွဲပြီး လူအများစုဟာ သီတင်းပတ်နဲ့ချီပြီး အိမ်မှာနေကြရလိမ့်မယ်လို့လည်း မိုဒီကဆိုပါတယ်။ အိမ်မှာနေကြရမယ့် အချိန်ကာလ ကြာမြင့်ချိန်ကိုတော့ ၎င်းက ပြောကြားခဲ့ခြင်း မရှိပါဘူး။

(Photo: Rajanish Kakade/AP)

"သက်ရောက်ထိခိုက်မှာ မဟုတ်ဘူး ဒါမှမဟုတ် ကူးစက်ခံရမှာ မဟုတ်ဘူးလို့ ထင်နေတယ်ဆိုရင် မှားနေပါပြီ၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းကို အန္တရာယ်ဖြစ်စေပါလိမ့်မယ်၊ နိုင်ငံသားတိုင်းကို နောက်သီတင်းပတ်များကြာ အိမ်မှာနေကြဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်" လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

အိန္ဒိယ အခြားနိုင်ငံတွေမှာကဲ့သို့ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေ မြင့်တက်ဖြစ်ပွားမလာစေရန် ကြိုးပမ်းရမယ်လို့လည်း ၎င်းကဆိုပါတယ်။ အိန္ဒိယအစိုးရက နိုင်ငံတကာလေကြောင်းခရီးစဥ်များ နိုင်ငံအတွင်း ဆင်းသက်ခွင့်ကို မတ်လ ၂၂ ရက်နေ့မှစပြီး တစ်ပတ်ကြာ ပိတ်ပင်ထားမယ်လို့ ထုတ်ပြန်ကြေညာပြီးနောက် နာရီပိုင်းအကြာမှာ ဝန်ကြီးချုပ်မိုဒီက ၂၉ မိနစ်ကြာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

(Photo: Rajanish Kakade/AP)

အသက် ၆၅ နှစ်အထက်နဲ့ အသက် ၁၀ နှစ်အရွယ် နိုင်ငံသားအားလုံးကို အိမ်မှာပဲနေကြရန် အကြုံပြုကြောင်းလည်း မိုဒီက ပြောပါတယ်။ အိန္ဒိယမှာ ကုမ္ပဏီတွေနဲ့ လုပ်ငန်းဌာနတွေကို ဝန်ထမ်းများအား နေအိမ်မှ အလုပ်လုပ်တဲ့ အစီအစဥ်များ ဆောင်ရွက်ကြရေး ညွှန်ကြားချက်ထုတ်ရန် ဗဟိုအစိုးရက ပြည်နယ်တွေကို ပြောထားပါတယ်။

အစိုးရဝန်ထမ်းအချို့ကတော့ ရုံးခန်းမှာ အလှည့်ကျစနစ်ဖြင့် အလုပ်လုပ်ရန် စီစဥ်ထားတယ်လို့ ဆိုပါတယ်။ နယူးဒေလီမှာ နိုင်ငံခြားသားအားလုံးကို ပြည်ဝင်ခွင့်ဗီဇာ ဆိုင်းငံ့ထားပြီ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးဖြစ်နေတဲ့ ဥရောပနိုင်ငံများမှ ခရီးသည်တင်လေယာဥ်တွေကို ပိတ်ပင်ထားပါတယ်။ နိုင်ငံအချို့မှ ခရီးသွားများကိုလည်း အိန္ဒိယသို့ရောက်ရှိလာပါက ၁၄ ရက်ကြာ ရောဂါခြေချုပ်ဖြင့် သီးခြားခွဲစောင့်ကြည့်မှာ ဖြစ်ပါတယ်။

(Photo: Rajanish Kakade/AP)

အိန္ဒိယတစ်ဝှမ်း စာသင်ကျောင်းအများစုနဲ့ ရုပ်ရှင်ရုံများ အပါအဝင် ဖျော်ဖြေရေးနေရာများကိုလည်း ပိတ်ပင်ထားပါတယ်။ ထို့အတူ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများပြားတဲ့ တာ့ဂျ်မဟာဂူဗိမာန်ကိုလည်း လည်ပတ်ခွင့်ပိတ်ထားကြောင်း သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၂၀ ရက် ညနေပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၄၅,၁၃၂ ဦးနဲ့ သေဆုံးသူ ၁၀,၀၂၂ ဦးအထိ ရှိလာခဲ့ပါတယ်။

Source: CNA, Al Jazeera


ဆက်စပ်အကြောင်းအရာများ


loading...

က္က