သုံးလကျော်အတွင်း ပထမဆုံး ပြည်တွင်းကူးစက်မှုအဖြစ် ဒါနန်းမြို့မှာ ကူးစက်ခံရသူ ပြန်တွေ့ခဲ့ရပါတယ်။

လနဲ့ချီကြာတဲ့အထိ COVID-19 ကူးစက်မှု ကင်းစင်နေခဲ့တဲ့ ဗီယက်နမ်မှာ နောက်ထပ် ကူးစက်မှုလှိုင်းကို ရင်ဆိုင်ရန်ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

(Photo: Reuters)

ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၃၀ ရက်) ထုတ်ပြန်ချက်အရ ဒါနန်းမြို့နဲ့ ဆက်နွယ်နေတဲ့ ကူးစက်ခံရသူအသစ် နောက်ထပ်ကိုးဦး တိုးလာခဲ့ပါတယ်။ ဗီယက်နမ်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၅၉ ဦး စစ်ဆေးအတည်ပြုထားပြီး သေဆုံးသူ မရှိခဲ့ကြောင်း သိရပါတယ်။ ကူးစက်မှုအသစ်တွေဟာ ဗီယက်နမ်ရဲ့ မြို့နဲ့ပြည်နယ် ခြောက်ခုမှာ ခြောက်ရက်အတွင်း ပျံ့နှံ့ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။



လက်ရှိ ကူးစက်မှုအခြေအနေဟာ မတ်လအတွင်း ဗီယက်နမ်မှာ ကြုံခဲ့ရတဲ့ ကူးစက်မှုဒုတိယလှိုင်းနဲ့ မတူဘဲ နိုင်ငံရဲ့ ပြည်နယ်တိုင်း၊ မြို့တိုင်းဟာ ကူးစက်မှုအန္တရာယ်ရှိတယ်လို့ ဝန်ကြီးချုပ် Nguyen Xuan Phuc က ပြောကြောင်း Vietnam Television (VTV) သတင်းဌာနက ဖော်ပြပါတယ်။ ဗီယက်နမ်မှာ သုံးလကျော်အတွင်း ပထမဆုံး ပြည်တွင်းကူးစက်မှုအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်က ဒါနန်းမြို့မှာ ကူးစက်ခံရသူ ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

(Photo: Reuters)

ဗီယက်နမ်မှာ COVID-19 စတင်တွေ့ရှိရာ တရုတ်နိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေပေမဲ့လည်း ကူးစက်မှုထိန်းချုပ်ရေး အသွားအလာကန့်သတ် နေထိုင်စေခြင်းနဲ့ ထိတွေ့မှုရှာဖွေ ဖော်ထုတ်ရေး အပြင်းအထန် ဆောင်ရွက်မှုတွေကြောင့် လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၅၀ ဖြင့် ထိန်းထားနိုင်ခဲ့ပါတယ်။ ယခုလက်ရှိမှာလည်း လူဦးရေ ၈၁,၀၀၀ ကျော်ကို အသွားအလာကန့်သတ်ထားရှိကြောင်း သိရပါတယ်။

လူဦးရေ ၉၅ သန်းကျော်ရှိတဲ့ ဗီယက်နမ်ဟာ COVID-19 ကြောင့် သေဆုံးမှုမရှိခဲ့တဲ့ လူဦးရေအထူထပ်ဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ လတ်တလော ကူးစက်မှုများမတိုင်မီအထိ ဗီယက်နမ်မှာ အနည်းဆုံး ရက်ပေါင်း ၁၀၀ ကြာ ပြည်တွင်းကူးစက်မှု မတွေ့ခဲ့ရပါဘူး။ ယခုအခါမှာတော့ ဒါနန်းမြို့မှာ ပထမဆုံး ကူးစက်မှုအသစ် ပြန်တွေ့လာရပြီး ဗီယက်နမ်အစိုးရက ကူးစက်မှုထိန်းချုပ်ရေး တင်ကျပ်တဲ့ အစီအမံတွေ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

(Photo: EPA)

ကူးစက်မှုအသစ် ပထမဆုံး ပြန်တွေ့ရတဲ့ ဒါနန်းမြို့ကို တင်းကျပ်တဲ့ lockdown အစီအမံများဖြင့် အသွားအလာ ပိတ်ပင်ကန့်သတ်ထားကြောင်းလည်း သိရပါတယ်။ လူဦးရေ ၁.၁ သန်းရှိ ဒါနန်းမြို့ကို လေယာဥ်ခရီးစဥ်နဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အဝင်အထွက်အားလုံး ၁၅ ရက်ကြာ ရပ်ဆိုင်းထားပါတယ်။

ဒါနန်းမြို့မှာ ရထားများ၊ ကျွန်းများသို့သွားတဲ့ စက်လှေများ၊ ဘတ်စ်ကားများ၊ တက္ကဆီများနဲ့ ခရီးသွားယာဥ်များ အားလုံးကိုလည်း အလားလတူ ၁၅ ရက်ကြာ ပြေးဆွဲမှု ရပ်ဆိုင်းထားပါတယ်။ ဒါနန်းမြို့ဟာ ပြည်တွင်းပြည်ပ ခရီးသွားတွေကြား ထင်ရှားကျော်ကြားပြီး ပြည်ပခရီးသွားတွေ လာရောက်ခွင့်မရှိသေးပေမဲ့ ဧပြီလနှောင်းပိုင်းမှာ lockdown ရုပ်သိမ်းခဲ့ရာ ပြည်တွင်းခရီးသွားများဖြင့် စည်ကားပြည့်နှက်နေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က