ကမ္ဘာလှည့်ခရီးသွားတွေ နှစ်သက်ကြတဲ့ ဒါနန်းမြို့မှာ ကူးစက်မှုအသစ် တွေ့လာရပါတယ်။

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ COVID-19 ကူးစက်မှု ပြန်တွေ့လာရပြီးနောက် တာဝန်ရှိသူတွေက သတိပေးချက်ကို ယနေ့ (ဇူလိုင် ၂၅ ရက်) တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

နိုင်ငံ အလယ်ပိုင်းရှိ ဒါနန်းမြို့ (Danang) မှာ COVID-19 အတည်ပြုလူနာ တွေ့ရှိရခြင်းဟာ ဗီယက်နမ်မှာ သုံးလအတွင်း ပထမဆုံးအကြိမ် ကူးစက်မှု ပြန်တွေ့လာရတာလည်း ဖြစ်ပါတယ်။ တင်းကျပ်တဲ့ အသွားအလာကန့်သတ်ပြီး ခွဲခြားနေထိုင်စေတဲ့ စီမံဆောင်ရွက်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန် စစ်ဆေးမှုတွေကြောင့် ဗီယက်နမ်မှာ ကူးစက်မှု ၄၁၅ ခုသာရှိခဲ့ပြီး သေဆုံးမှု မရှိခဲ့ကြောင်း သိရပါတယ်။



ဒါ့အပြင် ပြည်တွင်းကူးစက်မှုများ မရှိတော့တာ ရက် ၁၀၀ ကြာခဲ့ပြီလည်း ဖြစ်ပါတယ်။ သို့သော် သောကြာနေ့ (ဇူလိုင် ၂၄ ရက်) မှာတော့ ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ဒါနန်းမြို့မှ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှာ COVID-19 ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

(Photo: Reuters)

ထိုအမျိုးသားနဲ့ ထိတွေ့ခဲ့ဖူးသူ ၅၀ ကိုလည်း အသွားအလာကန့်သတ်ပြီး သီးခြားနေထိုင်စေကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။ ဒါနန်းမြို့ဟာ ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားတွေ နှစ်သက်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာနဲ့ ဆက်နွယ်မှုရှိခဲ့သူ ၁၀၃ ဦးကို စစ်ဆေးခဲ့ပြီး အားလုံးဟာ ဗိုင်းရပ်စ်မတွေ့ရဘူးလို့ ဆိုပါတယ်။

ယခုနောက်ဆုံး ကူးစက်မှုအသစ်တွေ့ရပြီးနောက် ဗီယက်နမ်မှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၄၁၆ ဦး ဖြစ်လာကြောင်း အစိုးရက ယနေ့ ပြောပါတယ်။ အစိုးရထုတ်ပြန်ချက်မှာ အသစ်တွေ့ရှိရတဲ့ လူနာဟာ မည်သို့ကူးစက်ခံခဲ့ရကြောင်းကို ဖော်ပြထားခြင်းမရှိပါဘူး။

(Photo: Reuters)

သို့သော် ထိုအမျိုးသားဟာ ဒါနန်းမြို့ကနေ ထွက်ခွာခြင်းမရှိခဲ့တာ တစ်လနီးပါးကြာပြီလို့ ဆိုပါတယ်။ ၎င်းဟာ ကနဦးမှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ COVID-19 ကူးစက်မှုအသစ် ပြန်တွေ့လာရမှုဟာ ဗီယက်နမ်က နိုင်ငံတကာလေကြောင်းလိုင်းတွေ ပြန်လည် စတင်တော့မယ့်အချိန်မှာ ဖြစ်နေပါတယ်။ ဗီယက်နမ်မှာ လတ်တလော ပြည်တွင်းခရီးသွားမှုများ မြင့်တက်နေကြောင်းလည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က