ကနဦး မဲရလဒ်တွေအရ ထောက်ခံမဲ အပြတ်အသတ် အသာရရှိထားပါတယ်။
Ko John

ရုရှားနိုင်ငံမှာ ဗလာဒီမာပူတင်ကို ၂၀၃၆ ခုနှစ် သမ္မတအဖြစ် ဆက်လက် အာဏာရှိနေစေနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာ ထောက်ခံမဲ အပြတ်အသတ် အသာရခဲ့ကြောင်း သိရပါတယ်။

(မဲရုံမှာတွေ့ရသည့် သမ္မတပူတင်) (Photo: AP)

ဆန္ဒမဲ ၉၉.၉ ရာခိုင်နှုန်းကို ရေတွက်ပြီးစီးချိန်အထိ ထောက်ခံမဲ ၇၇.၉ ရာခိုင်နှုန်းအထိ ရရှိထားခဲ့ကြောင်း လူထုဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က ပြောပါတယ်။ မဲဆန္ဒရှင် ၂၁ ရာခိုင်နှုန်းခန့်က ကန့်ကွက်မဲပေးခဲ့တယ်လို့ ကော်မရှင်ကဆိုပါတယ်။ လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲမှုအရ ၂၀၂၄ ခုနှစ်မှာ ပူတင်ရဲ့ ခြောက်နှစ်ကြာ သမ္မတသက်တမ်းနှစ်ခု (၁၂ နှစ်) ကုန်ဆုံးမှာဖြစ်ပေမဲ့ နောက်ထပ် ခြောက်နှစ်ကြာ သက်တမ်းနှစ်ခု (နောက်ထပ် ၁၂ နှစ်) ဆက်လက် ဆောင်ရွက်ခွင့်ပြုထားပါတယ်။



ထိုအခြေအနေအရ ပူတင်ဟာ ၂၀၃၆ ခုနှစ်အထိ သမ္မတဆက်ဖြစ်နေနိုင်တာ ဖြစ်ပါတယ်။ အတိုက်အခံတွေကတော့ သမ္မတသက်တမ်းကိစ္စကို ရှုတ်ချကြပြီး ပူတင်က တစ်သက်သာ သမ္မတလုပ်ရန် ရည်မှန်းနေခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် သမ္မတပူတင်ကတော့ ထိုစွပ်စွဲချက်တွေကို ငြင်းပယ်ထားခဲ့ပါတယ်။

(ဆန္ဒမဲများ ရေတွက်ရန်ပြင်ဆင်စဥ်) (Photo: Evgenia Novozhenina/Reuters)

လူထုဆန္ဒခံယူပွဲ မဲပေးမှုတွေကို ခုနစ်ရက်ကြာ ပြုလုပ်စေခဲ့ပြီး လွတ်လပ်တဲ့ စောင့်ကြည့်အဖွဲ့အစည်း မရှိခဲ့ဘူးလို့ BBC သတင်းက ပြောပါတယ်။ ပြင်ဆင်ပြောင်းလဲထားတဲ့ ရုရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် စာအုပ်တွေကို သီတင်းပတ်အတွင်း စာအုပ်အရောင်းဆိုင်တွေမှာ ရရှိနိုင်ပြီလို့ ဆိုပါတယ်။

ရုရှားအစိုးရက အကြီးအကျယ် ဝေဖန်လေ့ရှိတဲ့ Alexei Navalny ကတော့ ယခုပြုလုပ်ခဲ့တ့ ဆန္ဒခံယူပွဲရလဒ်ဟာ နိုင်ငံမှာရှိတဲ့ ပြည်သူလူထုရဲ့ သဘောထားအမှန်ကို ထင်ဟပ်ခြင်းမရှိတဲ့ လိမ်ညာမှုကြီးတစ်ခုအဖြစ် ပြောဆိုခဲ့ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတင်ခဲ့ပြီး ယမန်နေ့ (ဇူလိုင် ၁ ရက်) မှာ ပြီးဆုံးခဲ့ရာ မဲဆန္ဒရှင် ၆၅ ရာခိုင်နှုန်းက လာရောက်မဲပေးခဲ့ကြကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က