ငလျင်လှုပ်ခဲ့တဲ့ ဒေသမှာ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းကြတဲ့ ဆင်းရဲသားအများစု နေထိုင်ကြပါတယ်။
Ko John

ဗင်နီဇွဲလားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းအနီး ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၇.၃ အဆင့်ရှိ အင်အားအလွန်ပြင်းတဲ့ ငလျင်ကြီးတစ်ခု ဒေသစံတော်ချိန် သြဂုတ် ၂၁ ရက် ညနေပိုင်း (မြန်မာစံတော်ချိန် ယနေ့ သြဂုတ် ၂၂ ရက် မနက်အစောပိုင်း) မှာ လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

4512.jpg

ကာရာကက်စ်မြို့ရှိ ဆောက်လက်စ အထပ်မြင့် အဆောက်အအုံ တိမ်းစောင်းပြိုကျလု ဖြစ်နေစဉ် (Photo: Federico Parra/AFP/Getty Images)



ငလျင်လှုပ်မှုကို ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်၊ အိမ်နီးချင်း ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာမြို့နဲ့ ကာရေဘီယန်ကျွန်းစုတွေမှာလည်း ခံစားသိရှိခဲ့ရပါတယ်။ ငလျင်ကြောင့် သေဆုံးဒဏ်ရာရမှု သတင်းများ လတ်တလော မကြားသိရသေးကြောင်း ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး နက်စ်တာ ရီဗာရိုလ်က ပြောပါတယ်။

ငလျင်လှုပ်ခဲ့တဲ့ ဒေသမှာ နေထိုင်ကြတဲ့ ဆွေမျိုးသားချင်းများထံကို ဆက်သွယ်ရာမှာ ဖုန်းလိုင်းမကောင်းမှုကြောင့် ဆက်သွယ်မရနိုင်ဖြစ်နေကြောင်း ဗင်နီဇွဲလားပြည်သူတွေက ဆိုပါတယ်။

4928.jpg

ငလျင်လှုပ်မှုကြောင့် လူအများအပြား လမ်းမပေါ်သို့ ထွက်နေကြစဉ် (Photo: Federico Parra/AFP/Getty Images)



အဆိုပါ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် အမေရိကန် ပစိဖိတ်ဆူနာမီစင်တာက ငလျင်ဗဟိုချက်အနီး ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီရေလှိုင်းများ တက်ရောက်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ငလျင်လှုပ်မှုကို ဗင်နီဇွဲလား မြောက်ဘက်ကမ်းရိုးတန်းရှိ ဆီအုန်းစိုက်ခင်းများ စိုက်ပျိုးရာဒေသမှာလည်း ခံစားသိရှိခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ငလျင်ဒဏ်ကြောင့် ဒေသခံတွေဟာ မူးဝေမှုခံစားခဲ့ရပြီး မီးချောင်းများလှုပ်ရမ်းခဲ့ကာ လူအများအပြား လမ်းမများပေါ်သို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြကြောင်း သိရပါတယ်။

2018-08-22_074808.jpg

ှုငလျင်ဗဟိုပြုလှုပ်ခတ်ရာ နေရာပြမြေပုံ (Map: USGS)



ယခု လှုပ်ခတ်ခဲ့တဲ့ ဗင်နီဇွဲလားငလျင်ဟာ မြေအောက်အနက် ၇၆ မိုင်ကျော်မှာ လှုပ်ခဲ့ခြင်းဖြစ်တယ်လို့ အမေရိကန်အခြေစိုက် U.S. Geological Survey (USGS) ငလျင်စောင့်ကြည့်ရေးဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံဟာ ရေနံပေါကြွယ်ဝပေမဲ့ စီးပွားရေးအကျပ်အတည်း ကြုံနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးနဲ့ အခြား အခြေခံ စားသောက်ကုန်၊ လူသုံးကုန်များ ပြတ်လပ်မှုတွေ ဖြစ်နေပါတယ်။ ငလျင်ကြီးကြောင့် ဗင်နီဇွဲလားရဲ့ ရေနံထုတ်လုပ်မှုကို ထိခိုက်ပျက်စီးခဲ့ခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။

4F49E11800000578-6084477-This_image_shows_the_damage_caused_by_the_earthquake_to_a_restau-a-26_1534899139564.jpg

ငလျင်ကြီးကြောင့် စားသောက်ဆိုင်ကြမ်းခင်း အက်ကွဲသွားမှု (Photo: Daily Mail)



ငလျင်လှုပ်ခဲ့တဲ့ ဒေသဟာ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းကြတဲ့ ဆင်းရဲသားအများစု နေထိုင်ကြပြီး နေအိမ်အဆောက်အအုံများ ကြံ့ခိုင်မှုအားနည်းတာကြောင့် ပျက်စီးမှုတွေဖြစ်နိုင်ကြောင်း USGS မှ ဘူမိရူပဗေဒပညာရှင် ဂျက်ဆီကာတာနာက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က