Ko John

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုက သမ္မတမတ်ဒူရိုရဲ့ အစိုးရကို ဖြုတ်ချဖယ်ရှားမယ့် ၎င်းရဲ့ အားထုတ်ကြိုးပမ်းမှု နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီလို့ ကြေညာလိုက်ပြီး စစ်တပ်ရဲ့ထောက်ခံမှု ရရှိထားကြောင်း ပြောကြားလိုက်ပါတယ်။

(ဂျူအန်ဂွိုင်ဒို -ဝဲဘက်- နှင့် လီယိုပိုလ်ဒို လိုပက်ဇ်) (Photo: @leopoldolopez/Twitter)

လေတပ်အခြေစိုက်စခန်းတစ်ခုမှာ ရိုက်ကူးထားပုံရပြီး ဆိုရှယ်မီဒီယာမှာ လွှင်တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ အတိုက်အခံဆောင်းဆောင် ဂျူအန်ဂွိုင်ဒို (Juan Guaidó) ကို စစ်သားတွေနဲ့အတူ တွေ့ခဲ့ရပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ ဂျူအန်ဂွိုင်ဒိုက သမ္မတမတ်ဒူရို မတရားသိမ်းယူစွဲကိုင်ထားတဲ့ အာဏာကို အဆုံးသတ်ရန်အတွက် စစ်တပ်အနေနဲ့ ၎င်းကို ကူညီကြရန် တိုက်တွန်းထားပါတယ်။

သမ္မတမတ်ဒူရို အစိုးရကတော့ ယခုဖြစ်ရပ်ဟာ အာဏာသိမ်းရန် ကြိုးပမ်းမှုအသေးစားဖြစ်ပြီး ဖြိုခွင်းနှိမ်နင်းနေတယ်လို့ ပြောခဲ့ပါတယ်။ အစောပိုင်းမှာ ဗင်နီဇွဲလားစစ်တပ်က သမ္မတမတ်ဒူရိုကို ထောက်ခံခဲ့ပြီး ဇန်နဝါရီလအတွင်း ၎င်းကိုယ်၎င်း ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုကို ထောက်ခံရန်ငြင်းပယ်ထားခဲ့ကြောင်းလည်း သိရပါတယ်။

(ဗီဒီယိုမှာတွေ့ရသည့် ဂျူအန်ဂွိုင်ဒိုနှင့် စစ်သားများ) (Photo: @jguaido/Twitter)

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုကို လက်တင်အမေရိက နိုင်ငံအများစုနဲ့ အမေရိကန် အပါအဝင် ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက အားပေးထောက်ခံခဲ့ကြပါတယ်။ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗင်နီဇွဲလားမှာ သွေးထွက်သံယိုဖြစ်မှုတွေကို ဆန့်ကျင်ကြောင်း စပိန်အစိုးရ ပြောခွင့်ရအမျိုးသမီးက သတိပေးခဲ့ပါတယ်။

"စပိန်နိုင်ငံက မည်သည့် စစ်တပ်အာဏာသိမ်းမှုကိုမျှ မထောက်ခံပါဘူး၊ ဗင်နီဇွဲလား နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းကြရန် တိုက်တွန်းပါတယ်" လို့ အစ္စဘယ်လာဆဲလ်လာက ပြောခဲ့ပါတယ်။ ကိုလံဘီယာသမ္မတ Ivan Duque ကတော့ ဗင်နီဇွဲလားစစ်တပ်အနေနဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုကို ထောက်ခံကြရန်တိုက်တွန်းခဲ့ပါတယ်။

(ဗင်နီဇွဲလားသမ္မတ မတ်ဒူရို) (Photo: AP)

အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအကြီးအကဲ ဆာရာစန်းဒါးစ်ကလည်း အမေရိကန်သမ္မတက ဗင်နီဇွဲလားကိစ္စနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်ပေးထားကြောင်းနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာ ဂျူအန်ဂွိုင်ဒိုက ၎င်းအနေနဲ့ ကာရာကက်စ်မြို့တော်မှာ ရဲရင့်တဲ့စစ်သားတွေရဲ့ အားပေးထာက်ခံမှု ရရှိထားကြောင်း ပြောထားပါတယ်။ အဆိုပါ ဗီဒီယိုကို ဂျူအန်ဂွိုင်ဒိုရဲ့ Twitter မှာ ယနေ့ (ဧပြီ ၃၀ ရက်) လွှင့်တင်ခဲ့တာဖြစ်ပြီး နောက်ထပ် အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ လီယိုပိုလ်ဒို လိုပက်ဇ်ကိုလည်း ၎င်းရဲ့ဘေးမှာတွေ့ခဲ့ရပါတယ်။

(ဗင်နီဇွဲလား အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု မြင်ကွင်းတစ်ခု) (Photo: AP)

"ဗင်နီဇွဲလားပြည်သူများ လမ်းမတွေပေါ်ထွက်ကြပါစို့၊ အာဏာ မတရားစွဲကိုင်ထားမှုကို အဆုံးသတ်ဖို့အတွက် အားပေးထောက်ခံကြဖို့ လမ်းမတွေပေါ် ထွက်ကြပါ၊ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ပါတယ်၊ သူတို့က ဗင်နီဇွဲလားပြည်သူတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေအရ ထောက်ခံမှုကို ရရှိထားပါတယ်၊ သူတို့ဟာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရှိမယ်ဆိုတာ အာမခံပါတယ်" လို့ ဂျူအန်ဂွိုင်ဒိုက ဗီဒီယိုထဲမှာ ပြောထားကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်း - အာဏာသိမ်းရန်ကြိုးပမ်းမှုကို ဖြိုခွင်းလိုက်ကြောင်း ဗင်နီဇွဲလားသမ္မတ မတ်ဒူရို ပြောကြား



ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က