အစားအစာနဲ့ရေ မလုံလောက်မှုအပေါ် အကျဥ်းသားများက ဒေါသတကြီးဖြင့် ဆူပူအုံကြွခဲ့ကြတယ်လို့ ဆိုပါတယ်။

ဗင်နီဇွဲလားနိုင်ငံ အကျဥ်းထောင်တစ်ခုမှာ ဆူပူအုံကြွမှုဖြစ်ပွားခဲ့ပြီး လူ ၄၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

သောကြာနေ့ (မေ ၁ ရက်) က နိုင်ငံအနောက်ပိုင်း ဂူအန်နာရီမြို့အနီးရှိ Los Llanos အကျဥ်းထောင်မှာ အစားအစာနဲ့ရေ မလုံလောက်မှုအပေါ် အကျဥ်းသားများက ဒေါသတကြီးဖြင့် ဆူပူအုံကြွခဲ့ကြကြောင်း ဗင်နီဇွဲလား အကျဥ်းထောင်လေ့လာစောင့်ကြည့်အဖွဲ့ (Venezuelan Prison Observatory) က ပြောပါတယ်။



ထိုအဖွဲ့က ထောင်ဆူပူမှုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် တောင်းဆိုထားပါတယ်။ အကျဥ်းထောင်အာဏာပိုင်တွေက အကျဥ်းသားများ ထောင်ဖောက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်း ပြောဆိုမှုအပေါ် Venezuelan Prison Observatory က သံသယရှိနေပါတယ်။ ယခုဖြစ်ရပ်အတွင်း လူ ၆၀ ထက်မနည်း ဒဏ်ရာရခဲ့ပြီး ထောင်ပိုင်အပါအဝင် အကျဥ်းထောင်ဝန်ထမ်းများလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

အကျဥ်းထောင်များဆိုင်ရာဝန်ကြီး Iris Varela က ထောင်ဆူပူမှုဖြစ်ပွားခဲ့ကြောင်း ဗင်နီဇွဲလားသတင်းစာတစ်စောင်ကို ပြောခဲ့ပေမဲ့ သေဆုံးသူအရေအတွက်ကိုတော့ မပြောခဲ့ဘူးလို့ သိရပါတယ်။ ထိုသတင်းစာရဲ့ သတင်းမှာတော့ ယခုဖြစ်ရပ်ကို ထောင်ဖောက်ပြေးရန် ကြိုးပမ်းမှုအဖြစ် ဖော်ပြခဲ့ပါတယ်။

လက်တင်အမေရိကမှာ အစိုးရတွေက COVID-19 ကူးစက်ဖြစ်ပွားမှု နှေးကွေးစေရန် ရည်ရွယ်ပြီး အကျဥ်းထောင်တွေမှာ ထောင်ဝင်စာတွေ့မှု အပါအဝင် ထိန်းချုပ်ကန့်သတ်မှုတွေ ဆောင်ရွက်ခဲ့ရာ ဆူပူအုံကြွမှုတွေ မြင့်တက်ဖြစ်ပွားနေခဲ့ကြောင်းလည်း သိရပါတယ်။ လက်တင်အမေရိက အကျဥ်းထောင်တွေဟာ သန့်ရှင်းမှုမရှိဘဲ အကျဥ်းသားဦးရေ အဆမတန် စုပြုံများပြားနေမှုကြောင် နာမည်ဆိုးဖြင့်ကျော်ကြားပါတယ်။

(Photo: Infobae)

အကျဥ်းထောင်တွေကို ထိန်းချုပ်ကန့်သတ်ထားမှုတွေအရ အကျဥ်းသားတွေဟာ ထောင်ဝင်စာလာတွေတဲ့ ဆွေမျိုးများထံမှ အစားအစာ လက်ခံရယူခွင့် ပိတ်ပင်ထားပါတယ်။ လက်တင်အမေရိက အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေဟာ ဆွေမျိုးများထံမှ အစားအစာကို အားထားနေရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ Venezuelan Prison Observatory ရဲ့ အဆိုအရ Los Llanos အကျဥ်းထောင် ဆူပူအုံကြွမှုအတွင်း အကျဥ်းသား ၄၆ ဦး သေဆုံးခဲ့ကြောင်းနဲ့ ဒေသခံ ဆေးရုံရဲ့ အရေးပေါ်ဌာနမှာ ဒဏ်ရာရသူတွေနဲ့ပြည့်နေခဲ့ကြောင်း သိရပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါအပြင် ယခင်ကတည်းက နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေခဲ့ရပြီး ပြိုင်ဘက်နိုင်ငံရေးသမား နှစ်ဦးလုံးက နိုင်ငံရဲ့ တရားဝင် ခေါင်းဆောင်ဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးဟာ သမ္မတ နီကိုလစ်မတ်ဒူရို လက်ထက်မှာ ပြိုလဲခဲ့ပြီး အခြေခံ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုတွေ တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်နေခဲ့ကာ သန်းနဲ့ချီတဲ့ ဗင်နီဇွဲလားပြည်သူတွေ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးခဲ့ကြကြောင်း သိရပါတယ်။

Source: US News, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က