ဗင်းနစ်မြို့လယ်ရှိ နာမည်ကျော် Rialto တံတားခြေရင်းမှာ ကော်ဖီဖျော်ခဲ့ကြတာ ဖြစ်ပါတယ်။
အီတလီနိုင်ငံ ဗင်းနစ်မြို့လယ်ရှိ ထင်ရှားကျော်ကြားတဲ့ တံတားခြေရင်းမှာ ကော်ဖီဖျော်ခဲ့ကြတဲ့ ဂျာမန်စုံတွဲတစ်တွဲကို ဒဏ်ငွေရိုက်ပြီး မြို့ကနေ နှင်ထုတ်လိုက်ကြောင်း သိရပါတယ်။

(Photo: AFP)

ဇူလိုင် ၁၉ ရက်နေ့က ဗင်းနစ်မြို့လယ်ရှိ နာမည်ကျော် Rialto တံတားခြေရင်းမှာ ကော်ဖီဖျော်ခဲ့ကြတဲ့ အသက် ၃၂ နှစ်နဲ့ ၃၅ နှစ်အရွယ် ကမ္ဘာလှည့်ခရီးသည် ဂျာမန်စုံတွဲကို ယူရိုငွေ ၉၅၀ (မြန်မာကျပ်ငွေ ၁၆ သိန်းကျော်) ဒဏ်ရိုက်ခဲ့ပြီး မြို့ကနေ ထွက်ခွာသွားရန် ရဲတပ်ဖွဲ့က အမိန့်ထုတ်ခဲ့ပါတယ်။



ဘာလင်မြို့မှ လာရောက်ခဲ့ကြတဲ့ အဆိုပါ စုံတွဲက ခရီးဆောင် ဂက်စ်မီးဖိုသုံးပြီး ကော်ဖီဖျော်ရန် လုပ်ဆောင်ခဲ့ကြတာကို ဗင်းနစ်မြို့ခံတစ်ဦးက အာဏာပိုင်တွေထံ အကြောင်းကြားခဲ့ပြီးနောက် ၎င်းတို့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ဗင်းနစ်မြို့ရှိ လမ်းမတွေနဲ့ တူးမြောင်းတွေ အပါအဝင် နေရာတွေမှာ အများပြည်သူ စည်းကမ်းလိုက်နာရန် အရေးယူဆောင်ရွက်နေပါတယ်။

(Photo: AFP)

ယခုနှစ် မေလမှစပြီး ထိုသို့ အရေးယူဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ ကမ္ဘာလှည့်ခရီးသည်တွေကို အရေးယူမှုဟာ အကြိမ် ၄၀ မြောက်ရှိပြီလို့ဆိုပါတယ်။ "ဗင်းနစ်မြို့ကို လေးစားရပါမယ်၊ ဒီကိုလာပြီး သူတို့လုပ်ချင်ရာလုပ်လို့ရတယ်လို့ ထင်ကြတဲ့ အမူအကျင့်ဆိုးသူ ဒါကို နားလည်းရမယ်၊ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ်၊ အဲဒီလိုလူတွေ အဖမ်းခံရမယ်၊ ပြစ်ဒဏ်ခံရမယ်၊ ပြီးတော့ နှင်ထုတ်ခံရမယ်" လို့ ဗင်းနစ်မြို့တော်ဝန် Luigi Brugnaro က ပြောပါတယ်။

(Photo: AFP)

"အခုအချိန်ကစပြီး ဗင်းနစ်ကနေ နှင်ထုတ်ခံရသူတွေရဲ့ အချက်အလက်တွေကို သူတို့ရဲ့ သက်ဆိုင်ရာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေထံ အသိပေးသွားမှာ ဖြစ်ပါတယ်" လို့ မြို့တော်ဝန်က ထုတ်ပြန်ချက်မှာ ဖြည့်စွက်ပြောထားပါတယ်။ ဗင်းနစ်မြို့မှာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများအနက် တူးမြောင်းများထဲသို့ ရေဆင်းကူးခြင်း၊ ရေပန်းများမှာ ရေချိုးခြင်း သို့မဟုတ် အပေါ်ပိုင်းဗလာဖြင့် သို့မဟုတ် ဘီကီနီများဝတ်ပြီး သွားလာနေခြင်းတို့ မလုပ်ကြရန် တားမြစ်ထားမှုလည်း ပါဝင်ပါတယ်။

(Photo: RTE)

ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အမူအကျင့်ဆိုးတွေက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာကို လေးစားမှုမရှိခြင်းဖြစ်ကြောင်း မြို့ခံတွေက တိုင်ကြားပြောဆိုမှုခဲ့ကြပြီးနောက် ဗင်းနစ်မြို့မှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗင်းနစ်မြို့ကို လာရောက်လည်ပတ်သူ တစ်နှစ်လျှင် သန်း ၃၀ ခန့်ရှိကြောင်း AFP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က