အမေရိကန် လေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့က ဖော်ထုတ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Ko John

ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဿနာကြုံခဲ့တဲ့ Boeing 737 Max လေယာဉ်တွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ နောက်ထပ် ချို့ယွင်းချက်အသစ်တစ်ခုကို တွေ့ရှိရတယ်တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

အမေရိကန်ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (US Federal Aviation Administration - FAA) က Boeing 737 Max အမျိုးအစား လေယာဉ်တွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ချို့ယွင်းချက်အသစ်ကို ဖော်ထုတ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Boeing ကုမ္ပဏီအနေနဲ့ ရပ်နားထားတဲ့ 737 Max လေယာဉ်တွေ ခရီးသည်သယ်ယူပို့ဆောင်ရေး ပြန်လည်ပျံသန်းမှုမပြုမီ ထိုချို့ယွင်းချက်ကို ကိုင်တွယ်ဖြေရှင်းရမယ်လို့ FAA က ဗုဒ္ဒဟူးနေ့ (ဇွန် ၂၆ ရက်) မှာ Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လုပ်ဆောင်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုအတွင်း အဆိုပါ အန္တရာယ်ရှိနိုင်တဲ့ ချို့ယွင်းချက်ကို တွေ့ရှိခဲ့ရကြောင်း စမ်းသပ်မှုနဲ့ပတ်သက်ပြီး သိရှိထားတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

(Photo: Reuters)

FAA က ယခု ဖော်ထုတ်တွေ့ရှိမှုအရ 737 Max လေယာဉ်တွေကို လာမယ့် ဇူလိုင် ၇ ရက်အထိ စမ်းသပ်ပျံသန်းမှု လုပ်ဆောင်သွားမှာ မဟုတ်ကြောင်း သိရပါတယ်။ FAA က Boeing 737 Max လေယာဉ်တွေ ပြန်လည်ပျံသန်းခွင့်ပြု မပြုကို အနည်းဆုံး သီတင်းနှစ်ပတ်မှ သုံးပတ်ကြာ သုံးသပ်မှုတွေပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းမှာတော့ FAA ကိုယ်စားလှယ်က 737 Max လေယာဉ်တွေကို အစောဆုံးအဖြစ် ဇွန်လနှောင်းပိုင်းမှာ ပြန်လည်ပျံသန်းခွင့်ပြုသွားနိုင်တယ်လို့ ပြောထားခဲဖူးပါတယ်။ သို့သော် ယခုနောက်ဆုံး အသစ်တွေ့ရှိရတဲ့ ချို့ယွင်းချက်ပြဿနာအရ Boeing 737 Max လေယာဉ်တွေ ပြန်လည်ပျံသန်းနိုင်ရန် နှောင့်နှေးကြန့်ကြာအုံးမယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ကမ္ဘာ့အကြီးဆုံး လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Boeing ရဲ့ 737 Max အမျိုးအစားလေယာဉ်တွေကို ယမန်နှစ် အောက်တိုဘာလနဲ့ ယခုနှစ် မတ်လအတွင်း လူအများအပြား သေဆုံးခဲ့တဲ့ ပျက်ကျမှုတွေဖြစ်ခဲ့ပြီးနောက် ပျံသန်းခွင့်ရပ်ဆိုင်းထားခဲ့ပါတယ်။

ယမန်နှစ် အောက်တိုဘာ ၂၉ ရက်နေ့က အင်ဒိုနီးရှားအခြေစိုက် Lion Air လေကြောင်းလိုင်းမှ Boeing 737 Max ခရီးသည်တင်လေယာဉ်ဟာ ဂျကာတာမြို့မှ ထွက်ခွာလာခဲ့ပြီးနောက် ဂျာဗားကျွန်းကမ်းလွန် ပင်လယ်ပြင်ထဲကို ပျက်ကျခဲ့ပါတယ်။ ထို့အတူ ယခုနှစ် မတ်လ ၁၀ ရက်နေ့မှာလည်း အီသီယိုးပီးယားလေကြောင်းလိုင်း (Ethiopian Airlines) မှ Boeing 737 Max လေယာဉ်ဟာ အီသီယိုးပီးယားနိုင်ငံ အက်ဒစ်အဘာဘာမြို့မှ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ ပျံသန်းစဉ်မှာ ပျက်ကျခဲ့ပါတယ်။

(Photo: @FAANews/Twitter)

အဆိုပါ Boeing 737 Max ခရီးသည်တင်လေယာဉ် ပျက်ကျမှုနှစ်ခုကြောင့် လူ ၃၄၆ ဦး သေဆုံးခဲ့ပါတယ်။ ထို့နောက်မှာတော့ 737 Max လေယာဉ်များအားလုံး ပျံသန်းမှုရပ်ဆိုင်းထားစေခဲ့ပါတယ်။ 737 Max လေယာဉ်ပျက်ကျမှုတွေဟာ ဆော့ဖ်ဝဲချို့ယွင်းချက်ကြောင့်ဖြစ်ကြောင်း Boeing က ထုတ်ဖော်ပြောခဲ့ကာ အဆင့်မြှင့်တင် ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆော့ဖ်ဝဲ အဆင့်မြှင့်တင် ပြင်ဆင်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် FAA က စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ အန္တရာယ်ရှိနိုင်တဲ့ ချို့ယွင်းချက်အသစ်တစ်ခုကို တွေ့ရှိခဲ့ရတာဖြစ်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


Author


က္က