အိန္ဒိယမှ အမေရိကန်သို့ ပျံသန်းနေတဲ့ လေယာဉ်ဖြစ်ပါတယ်။

အမေရိကန်သို့ ပျံသန်းနေခဲ့တဲ့ အိန္ဒိယလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီးဟာ ဗုံးခြိမ်းခြောက်မှုကြောင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ လေဆိပ်တစ်ခုမှာ ဆင်းသက်ခဲ့ရပါတယ်။

(Photo: Twitter/DinoGoel)

ဗုံးခြိမ်းခြောက်မှုကြောင့် လန်ဒန်မှာဆင်းသက်ခဲ့ရတဲ့ လေယာဉ်ဟာ လေကြောင်းခရီးစဉ် AI191 လေယာဉ်ဖြစ်ပြီး မွမ်ဘိုင်းမြို့မှ အမေရိကန်နိုင်ငံ Newark လေဆိပ်သို့ ပျံသန်းနေခဲ့တာဖြစ်တယ်လို့ အိန္ဒိယလေကြောင်းလိုင်း (Air India) က ပြောပါတယ်။



အိန္ဒိယမှ အမေရိကန်သို့ ၁၅ နာရီကျော်ကြာ လေကြောင်းခရီးစဉ် ပျံသန်းနေစဉ် ကြိုတင်ကာကွယ်မှုအဖြစ် လေယာဉ်ကို လန်ဒန်မှာဆင်းသက်ခဲ့ကြောင်း Air India က သတင်းထုတ်ပြန်ထားပါတယ်။ ဗုံးခြိမ်းခြောက်မှုကြောင့် လန်ဒန်မှာဆင်းသက်ခဲ့ရတဲ့ ခရီးသည်တင်လေယာဉ်ကို ဗြိတိန်လေတပ်မှ RAF Typhoon တိုက်လေယာဉ်တွေက လိုက်ပါစောင့်ကြပ်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Alamy Live News)

လကြောင်းပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 မှာ ဖော်ပြထားမှုအရ လန်ဒန်မှာဆင်းသက်ခဲ့ရတဲ့ အိန္ဒိယလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ဟာ Boeing 777-337 အမျိုးအစားဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ခရီးသည်တင်လေယာဉ်ဟာ London Stansted လေဆိပ်မှာ ယနေ့ (ဇွန် ၂၇ ရက်) ဗြိတိသျှစံတော်ချိန် မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ဆင်းသက်ခဲ့တယ်လို့ လေဆိပ်က ထုတ်ပြန်ပါတယ်။

(Photo: Geoff Robinson)

Boeing 777-337 လေယာဉ်တွေဟာ ခရီးသည် ၃၉၆ ဦး တင်ဆောင်နိုင်ကြောင်း သိရပေမဲ့ ယခု လေယာဉ်ပေါ်မှာတော့ ခရီးသည်အရေအတွက် မည်မျှလိုက်ပါလာကြောင်း အတိအကျ မသိရသေးဘူးလို့ BBC သတင်းမှာ ဖော်ပြပါတယ်။ ယခုဖြစ်ရပ်ကြောင့် အနှောင့်အယှက်ဖြစ်ရတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ သည်းခံမှုအတွက် ကျေးဇူးတင်ကြောင်း လေကြောင်းလိုင်းက Twitter မှာ ရေးသားထားပါတယ်။ လေယာဉ်နဲ့ပတ်သက်တဲ့ နောက်ထပ် သတင်းအချက်အလက်တွေကို ထုတ်ပြန်သွားမယ်လို့လည်း Air India လေကြောင်းလိုင်းက ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က