ပြင်သစ်ကိုရောက်နေတဲ့ တရုတ်ကမ္ဘာလှည့်ခရီးသည်တစ်ဦး ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။

ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုတွေ ဆက်လက်မြင့်တက်နေတဲ့ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် ဥရောပမှာ ပထမဆုံး လူသေဆုံးမှုအဖြစ် ပြင်သစ်နိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်ကမ္ဘာလှည့်ခရီးသည်တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဖေဖေါ်ဝါရီ ၁၅ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၁,၅၂၇ ဦးအထိ မြင့်တက်လာပါတယ်


(Photo: Getty Images)

ဗိုင်းရပ်စ်ကြောင့်သေဆုံးသူဟာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှ အသက် ၈၀ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီး Agnès Buzyn က ယနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) ပြောပါတယ်။ ထိုအမျိုးသားဟာ ပြင်သစ်ကို ဇန်နဝါရီ ၁၆ ရက်နေ့က ရောက်ရှိလာခဲ့ပြီးနောက် ၎င်းကို ပါရီမြို့ရှိ ဆေးရုံမှာ ဇန်နဝါရီ ၂၅ ရက်မှစပြီး သီးသန့်ခွဲထားခဲ့ကြောင်း ဝန်ကြီးကဆိုပါတယ်။

ယခုသေဆုံးမှုဟာ COVID-19 ဗိုင်းရပ်စ်ကြောင့် အာရှဒေသပြင်ပမှာ ပထမဆုံး လူသေဆုံးမှုလည်း ဖြစ်လာခဲ့ပါတယ်။ ယခင်က တရုတ်ပြည်မကြီးပြင်ပမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုတွေအဖြစ် ဟောင်ကောင်၊ ဖိလစ်ပိုင်နဲ့ ဂျပန်တို့မှာ တစ်ဦးစီ သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ဖေဖေါ်ဝါရီ ၁၅ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၇,၁၇၄ ဦးရှိလာပါတယ်

ဖေဖေါ်ဝါရီ ၁၅ ရက် ညပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၆,၄၉၂ ဦး စစ်ဆေးတွေ့ရှိထားပြီး သေဆုံးသူအရေအတွက် ၁,၅၂၃ ဦးအထိ မြင့်တက်လာပါတယ်။ ထိုအတောအတွင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပြန်လာသူတွေအားလုံးကို မိမိနေအိမ် သို့မဟုတ် သတ်မှတ်ထားတဲ့နေရာတွေမှာ ၁၄ ရက်ကြာ သီးသန့်ခွဲခြား နေထိုင်ကြရန် အာဏာပိုင်တွေက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်မှုကို ထိန်းချုပ်ရန် ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၄ ရက်) က ထုတ်ပြန်လိုက်တဲ့ အဆိုပါ ညွှန်ကြားချက်ကို မလိုက်နာပါက ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ယနေ့ညပိုင်း သီးခြားသတင်းတစ်ရပ်အရ ဂျပန်ကမ်းလွန် ပင်လယ်ပြင်ရှိ Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၆၇ ဦး တွေ့ရှိခဲ့ရပြီး ထိုသင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းအရေအတွက် ၂၈၆ ဦးရှိလာကြောင်း သိရပါတယ်။

(Photo: Reuters)

ဂျပန်ကမ်းလွန်ကို ရောက်ရှိလာစဥ်က Diamond Princess သင်္ဘောကြီးပေါ်မှာ လူဦးရေ ၃,၇၀၀ ကျော်ရှိနေခဲ့ပြီး COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၀၀ ကျော်ကို ဒေသခံဆေးရုံများသို့ ရွှေ့ပြောင်းပို့ဆောင်ထားပါတယ်။ ဖေဖေါ်ဝါရီ ၁၅ ရက် ညပိုင်းအထိ စာရင်းတွေအရ COVID-19 ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် လူ ၁,၅၂၃ ဦး၊ ဟောင်ကောင်မှာ ၁ ဦး၊ ဂျပန်မှာ ၁ ဦး၊ ဖိလစ်ပိုင်မှာ ၁ ဦးနဲ့ ပြင်သစ်မှာ ၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၁,၅၂၇ ဦး ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၁၅ ရက် ညနေပိုင်းအထိ စာရင်းတွေအရ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးကုသမှုဖြင့် ပြန်လည်သက်သာလာသူ ကမ္ဘာတစ်ဝှမ်းမှာ ၈,၅၅၆ ဦးရှိခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၁၅ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ လူဦးရေ ၆၆,၄၉၂ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၇,၁၇၄ ဦးအထိ မြင့်တက်လာကြောင်းလည်း သိရပါတယ်။

ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာထားပါတယ်

(Photo: AFP)

တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ဖေဖေါ်ဝါရီ ၁၄ ရက် ညနေပိုင်းအထိ ဂျပန်ကမ်းလွန် ပင်လယ်ပြင်ရှိ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ၂၈၆ ဦး၊ စင်ကာပူမှာ ၇၂ ဦး၊ ဟောင်ကောင်မှာ ၅၆ ဦး၊ ဂျပန်မှာ ၃၉ ဦး၊ ထိုင်းမှာ ၃၄ ဦး၊ တောင်ကိုရီးယားမှာ ၂၈ ဦး၊ မလေးရှားမှာ ၂၂ ဦး၊ ထိုင်ဝမ်မှာ ၁၈ ဦး၊ ဂျာမနီမှာ ၁၆ ဦး၊ ဗီယက်နမ်မှာ ၁၆ ဦး၊ ဩစတြေးလျမှာ ၁၅ ဦး၊ အမေရိကန်မှာ ၁၅ ဦး၊ ပြင်သစ်မှာ ၁၁ ဦး၊ မကာအိုမှာ ၁၀ ဦး၊ ဗြိတိန်မှာ ၉ ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၈ ဦး၊ ကနေဒါမှာ ၇ ဦး၊ အိန္ဒိယမှာ ၃ ဦး၊ အီတလီမှာ ၃ ဦး၊ ဖိလစ်ပိုင်မှာ ၃ ဦး၊ ရုရှားမှာ ၂ ဦး၊ စပိန်မှာ ၂ ဦး၊ ဘယ်လ်ဂျီယံမှာ ၁ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ အီဂျစ်မှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ ဆွီဒင်မှာ ၁ ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

(Photo: Reuters)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။

Source: AFP, Reuters, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က