loading...

loading...

loading...

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်ပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ တရုတ်မှာထက် ရှစ်ဆနီးပါးအထိ ပိုများခဲ့ပါတယ်။
Ko John

COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ လက်ရှိမှာ တရုတ်ပြည်မကြီးအတွင်းမှာထက် ပြင်ပနိုင်ငံနဲ့ နေရာဒေသတွေမှာ ပိုမိုလျင်မြန်စွာ ဖြစ်ပွားနေပြီး ကူးစက်မှုတွေ သိသာစွာမြင့်တက် တွေ့ရှိလာရတဲ့ နိုင်ငံတွေဟာ ခရီးသွားတွေကို စောင့်ကြည့်မှုများ တိုးမြှင့်လုပ်ဆောင်နေရပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်ပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှုဟာ တရုတ်ပြည်မကြီးမှာထက် ရှစ်ဆနီးပါးအထိ ပိုများခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ယနေ့ (မတ်လ ၃ ရက်) ပြောပါတယ်။

လက်ရှိ အခြေအနေတွေအရ COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအန္တရာယ်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအတွက် အလွန်မြင့်မားကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ တောင်ကိုရီးယား၊ အီတလီ၊ အီရန်နဲ့ ဂျပန်နိုင်ငံတို့မှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ အစိုးရိမ်ရဆုံးဖြစ်တယ်လို့ Tedros ပြောပါတယ်။

(Photo: AFP)

သို့သော် တရုတ်ပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးဆုံးဖြစ်ပွားနေတဲ့ တောင်ကိုရီးယားမှာ အနီးကပ်စောင့်ကြည့်မှု အလုပ်ဖြစ်နေခဲ့ပြီး ကူးစက်မှုကို ထိန်းချုပ်ထားနိုင်ကြောင်းလည်း ဂျနီဗာမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း WHO အကြီးအကဲက ပြောပါတယ်။

မတ်လ ၃ ရက်နေ့ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၁၂၅ ဦး တွေ့ရှိရပြီး သီတင်းခြောက်ပတ်အတွင်း နေ့စဥ် ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှု အနည်းဆုံး အရေအတွက်သို့ လျော့ကျခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည်မကြီးမှာ ကူးစက်မှုတွေလျော့ကျနေပေမဲ့ တောင်ကိုရီးယား၊ အီတလီ၊ အီရန် အပါအဝင် တရုတ်ပြင်ပ နိုင်ငံတွေမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံသူ အရေအတွက် နေ့စဥ် မြင့်တက်နေပါတယ်။

(Photo: AFP)

ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်လာတဲ့ နိုင်ငံတွေအနက် မတ်လ ၃ ရက် မွန်းလွဲပိုင်းအထိ တောင်ကိုရီးယားမှာ ကူးစက်ခံရသူ ၅,၁၈၆ ဦးနဲ့ သေဆုံးသူ ၂၈ ဦး၊ အီတလီမှာ ကူးစက်ခံရသူ ၂,၀၃၆ ဦးနဲ့ သေဆုံးသူ ၅၂ ဦး၊ အီရန်မှာ ကူးစက်ခံရသူ ၁,၅၀၁ ဦးနဲ့ သေဆုံးသူ ၆၆ ဦး၊ ဂျပန်မှာ ကူးစက်ခံရသူ ၂၅၆ ဦးနဲ့ သေဆုံးသူ ၆ ဦး၊ ပြင်သစ်မှာ ကူးစက်ခံရသူ ၁၉၁ ဦးနဲ့ သေဆုံးသူ ၃ ဦး၊ အမေရိကန်မှာ ကူးစက်ခံရသူ ၉၁ ဦးနဲ့ သေဆုံးသူ ၆ ဦး သေဆုံးခဲ့ပါတယ်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀ ရာခိုင်နှုန်းကျော်ဟာ တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ်မှာ ဖြစ်ပေမဲ့ အခြား ကမ္ဘာ့နိုင်ငံ ၁၁ ခုနဲ့ ဂျပန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာလည်း သေဆုံးမှုတွေရှိခဲ့ပါတယ်။ မတ်လ ၃ ရက် မွန်းလွဲပိုင်းအထိ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တရုတ်ပြည်မကြီးမှာ ၂,၉၄၃ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၃,၁၁၆ ဦးအထိ မြင့်တက်လာပါတယ်။

(Photo: Reuters)

မတ်လ ၃ ရက် မွန်းလွဲပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၈၀,၁၅၁ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၁,၂၆၉ ဦးရှိလာခဲ့ပြီး ၎င်းတို့အနက် ၄၈,၁၂၁ ဦး ပြန်လည်သက်သာခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ကမ္ဘာ့နိုင်ငံ ၁၉၅ ခုအနက် ၇၇ ခုမှာ တွေ့ရှိထားရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာတော့ မတ်လ ၃ ရက်နေ့အထိ မြန်မာ၊ လာအိုနဲ့ ဘရူနိုင်း သုံးနိုင်ငံကလွဲပြီး ကျန်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှားတို့မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ စစ်ဆေးတွေ့ရှိထားပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။

Source: Reuters, CNA


ဆက်စပ်အကြောင်းအရာများ


loading...

က္က