စစ်ဆေးမှုများအတွက် ဆေးရုံတက်ရောက်ခဲ့ကြောင်း ၎င်းရဲ့ရုံးခန်းက ပြောပါတယ်။
Ko John

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိရပြီးနောက် ၁၀ ရက်အကြာ ယမန်နေ့ (ဧပြီ ၅ ရက်) က စစ်ဆေးမှုများအတွက် ဆေးရုံတက်ရောက်ခဲ့ကြောင်း ၎င်းရဲ့ရုံးခန်းက ပြောပါတယ်။

(Photo: UNPIXS Europe)

အသက် ၅၅ နှစ်အရွယ် ဘောရစ်ဂျွန်ဆင်ဟာ မပြင်းထန်တဲ့ COVID-19 လက္ခဏာများရှိခဲ့ကြောင်း မတ်လ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် ၎င်းရဲ့ ဒေါင်းနင်းလမ်း နေအိမ်မှာ ကိုယ်တိုင် သီးခြားခွဲနေထိုင်ခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟာ တစ်ပတ်ကြာ သီးခြားခွဲနေခဲ့ပြီးနောက် သောကြာနေ့ (ဧပြီ ၃ ရက်) မှာ အလုပ်ပြန်လုပ်မယ်လို့ စီစဥ်ထားခဲ့တာ ဖြစ်ပါတယ်။



သို့သော် ၎င်းဟာ COVID-19 လက္ခဏာတွေထဲက တစ်ခုဖြစ်တဲ့ ကိုယ်ပူချိန်မြင့်တက်နေတာကြောင့် အိမ်မှာပင်ဆက်နေသွားမယ်လို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ပြောခဲ့ပါတယ်။ ထို့နောက် ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးခန်းက ယမန်နေ့ညပိုင်းက ထုတ်ပြန်ရာမှာတော့ "သူ့ရဲ့ဆရာဝန် အကြံပေးမှုအရ ဝန်ကြီးချုပ်ဟာ စစ်ဆေးမှုတွေအတွက် ဒီည ဆေးရုံတက်ခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။

(Photo: Christopher Furlong/Getty Images)

"ဝန်ကြီးချုပ်က ဗိုင်းရပ်စ်ကူးစက်ခံရတာ စစ်ဆေးတွေ့ရှိရပြီးနောက် ၁၀ ရက်အကြာမှာ ရောဂါလက္ခဏာ ဆက်ရှိနေတော့ ဒါက ကြိုတင်ကာကွယ်တဲ့ သဘောပါ" လို့ ၎င်းရဲ့ရုံးခန်းက ပြောပါတယ်။ ၎င်းရဲ့ လက်ရှိရောဂါလက္ခဏာတွေအရ ဘောရစ်ဂျွန်ဆင် ဆေးရုံတက်ရမှုဟာ အရေးပေါ်အခြေအန မဟုတ်ကြောင်းလည်း သိရပါတယ်။

လက်ရှိအချိန်အထိ ဘောရစ်ဂျွန်ဆင်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အထင်ရှားဆုံး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ၎င်းရဲ့ ကိုယ်ဝန်ဆောင် လက်တွဲဖော် ကာရီဆိုင်မွန်စ်ဟာလည်း COVID-19 လက္ခဏာများနဲ့ တစ်ပတ်ကြာ နေမကောင်းဖြစ်ခဲ့သေးပေမဲ့ ယခုအခါမှာတော့ ပြန်လည်သက်သာနေပြီလို့ သိရပါတယ်။

(Photo: Sky News)

ဗြိတိန်အစိုးရအဖွဲ့မှ ဗိုင်းရပ်စ်ကူးစက်ခံရသူ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် နေအိမ်မှာ တစ်ပတ်ကြာနေခဲ့ပြီးနောက် ဧပြီ ၃ ရက်နေ့မှာ အလုပ်ပြန်လုပ်နေပြီ ဖြစ်ပါတယ်။ ဗြိတိန်မှာ ဆေးဘက်ဆိုင်ရာ အကြီးအကဲ ခရစ်ဝစ်တီလည်း COVID-19 လက္ခဏာများရှိခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့ အနီးကပ် အကြံပေးပုဂ္ဂိုလ် ဒိုမီနစ်ကမ်မင်းစ်ကတော့ သီးခြားခွဲနေထိုင်လျက်ရှိပါတယ်။ လက်ရှိအချိန်အထိ ဘောရစ်ဂျွန်ဆင်ဟာ အစိုးရအဖွဲ့ကို ဦးဆောင်နေဆဲလို့ ယူဆရပြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနဲ့ အဆက်အသွယ်ရှိကြောင်း AFP သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

ထိုအတောအတွင်း ယမန်နေ့မှာပင် ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်က COVID-19 ကပ်ရောဂါဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီး ရုပ်မြင်သံကြားမှတစ်ဆင့် နိုင်ငံကို မိန့်ခွန်းပြောခဲ့တယ်လို့ သိရပါတယ်။ အသက် ၉၃ နှစ်အရွယ် ဗြိတိန်ဘုရင်မကြီး ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောခြင်းဟာ အလွန်ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုပါတယ်။

ဘုရင်မကြီးအဲလိဇဘက်ဟာ ၎င်းရဲ့ ၆၈ နှစ်ကြာ နန်းသက်အတွင်း ယခုတစ်ကြိမ် အပါအဝင် ရုပ်မြင်သံကြားမှာ မိန့်ခွန်းပြောကြားမှု ငါးကြိမ်သာရှိခဲ့တာ ဖြစ်ပါတယ်။ ဘုရင်မကြီးက ဗြိတိန်မှာ COVID-19 တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဓိက အလုပ်သမားတွေကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

(Photo: Buckingham Palace/AFP)

"ကျွန်မတို့ ဒီရောဂါကို အတူတကွ တိုက်ဖျက်နေကြပါတယ်၊ ကျွန်မတို့ စည်းလုံးညီညွတ်ပြီး ပြတ်ပြတ်သားသား လုပ်ဆောင်ကြမယ်ဆိုရင် ကျွန်မတို့ ဒါကို ကျော်လွှားနိုင်မှာပါ" လို့ ဗြိတိန်ဘုရင်မကြီးက ပြောပါတယ်။ လက်ရှိမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်က ခင်ပွန်းသည် မင်းသားကြီးဖိလစ်နဲ့အတူ ဝင်ဆာရဲတိုက်မှာ နေထိုင်လျက်ရှိပြီး ထိုနေရာမှ ရုပ်မြင်သံကြားမိန့်ခွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယနေ့ (ဧပြီ ၆ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ ဗြိတိန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၄၇,၈၀၆ ဦးနဲ့ သေဆုံးသူ ၄,၉၃၄ ဦးအထိ မြင့်တက်နေခဲ့ပြီး ပြန်လည်သက်သာသူ အရေအတွက် ၁၃၅ ဦးရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ ယနေ့ မနက်အစောပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၂၆၈,၇၃၈ ဦး၊ သေဆုံးသူ ၆၉,၃၂၉ ဦးနဲ့ ပြန်လည်သက်သာလာသူ ၂၆၁,၁၃၅ ဦးရှိကြောင်း သိရပါတယ်။


Author


က္က