တောင်ကိုရီးယား၊ အီတလီနဲ့ အီရန် နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ နေ့စဥ် အသစ်တွေ့ရှိရမှုဟာ ကူးစက်ပျံ့နှံ့မှု အဆိုးဆုံးဖြစ်ပွားရာ တရုတ်မှာထက် တရုတ်ပြင်ပမှာ ပိုမိုများပြားလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ ပြောကြားပါတယ်။

ကျွန်တော်တို့က မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်မယ်ဆိုရင် အနိုင်ရနိုင်တဲ့ တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြတာပါ


(Photo: Reuters)

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ တရုတ်ပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိရမှုဟာ ပထမဆုံးအကြိမ်အဖြစ် တရုတ်မှာထက် ပိုမိုများပြားလာခဲ့တယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သံတမန်တွေကို ဂျနီဗာမြို့မှာ စာဖြင့်ရေးသား ပြောကြားခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

ထိုနေ့က စာရင်းတွေအရ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှု အရေအတွက် ၄၁၁ ဦးရှိခဲ့ပြီး တရုတ်ပြင်ပ နိုင်ငံနဲ့ နေရာဒေသတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှု ၄၂၇ ဦးရှိခဲ့ကြောင်း WHO က ပြောပါတယ်။ တောင်ကိုရီးယား၊ အီတလီနဲ့ အီရန် နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း အစိုးရတွေက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ရေး အပြင်းအထန် ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။



(Photo: AFP/Yonhap)

ထိုနိုင်ငံတွေမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုများ ရုတ်တရက် မြင့်တက်လာခြင်းဟာ အလွန်စိုးရိမ်ပူပန်စရာ ဖြစ်နေခဲ့ပေမဲ့လည်း ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဆဲဖြစ်ပြီး ကမ္ဘာအနှံ့အတိုင်းအတာ ကူးစက်မှုတစ်ခု မဟုတ်သေးဘူးလို့ Tedros Adhanom Ghebreyesus က ပြောကြားကြောင်း CNA က ဖော်ပြပါတယ်။

တောင်ကိုရီးယားဟာ တရုတ်ပြင်ပမှာ ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာပါတယ်

အီရန်နဲ့ဆက်နွယ်နေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ဘာရိန်း၊ အီရတ်၊ ကူဝိတ်နဲ့ အိုမန် နိုင်ငံတွေမှာ တွေ့ရှိလာရပါတယ်။ ထို့အတူ အီတလီနဲ့ဆက်နွယ်နေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေကိုလည်း အယ်လ်ဂျီးရီးယား၊ ဩစတြီးယား၊ ခရိုအေးရှား၊ ဂျာမနီ၊ စပိန်နဲ့ ဆွစ်ဇာလန် နိုင်ငံတွေမှာ တွေ့ရှိရကြောင်း WHO အကြီးအကဲက ပြောပါတယ်။

(Photo: Reuters)

ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ ထုတ်ပြန်မှုအရ တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၁,၂၁၆ ဦးအထိ မြင့်တက်လာခဲ့ပြီး တရုတ်ပြင်ပမှာ ကူးစက်မှုအများဆုံးလည်း ဖြစ်လာပါတယ်။ တောင်ကိုရီးယားမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူတွေအနက် အမေရိကန်စစ်သား ၂၈၄ ဦး ပါဝင်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၂၆ ရက် ညပိုင်းအထိ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂ ဦးရှိခဲ့ပါတယ်။ အီရန်နိုင်ငံမှာ ဖေဖေါ်ဝါရီ ၂၆ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံသူ ၁၃၉ ဦးနဲ့ သေဆုံးသူ ၁၉ ဦးသို့ မြင့်တက်လာခဲ့ပါတယ်။ ထို့အတူ အီတလီမှာလည်း ဖေဖေါ်ဝါရီ ၂၆ ရက် ညပိုင်းအထိ လူ ၃၇၄ ဦး ဗိုင်းရပ်စ်ကူးစက်ခံ့ရပြီး ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။



(Phot

o: Reuters)


"အချက်အလက်တွေကို ဂရုတစိုက်နဲ့ သေသေချာချာ စိစစ်လေ့လာမှုမရှိဘဲ ကမ္ဘာအနှံ့ ကူးစက်ဖြစ်ပွားမှု pandemic အဆင့်အဖြစ် ကြေညာဖို့ ကျွန်တော်တို့ အရမ်း စိတ်မစောသင့်ပါဘူး၊ ဒီလို ကြေညာလိုက်တာက ကျွန်တော်တို့ဟာ ဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်တော့ဘူးလို့ အချက်ပြမှု ဖြစ်သွားနိုင်ပါတယ်၊ အဲဒါ မမှန်ပါဘူး၊ ကျွန်တော်တို့က မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်မယ်ဆိုရင် အနိုင်ရနိုင်တဲ့ တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြတာပါ" လို့ WHO အကြီးအကဲ ရှင်းလင်းပြောကြားပါတယ်။

သို့သော် အခြေအနေက မှန်ကန်တိကျတဲ့ ညွှန်ပြချက်တစ်ခုရှိလာပြီဆိုပါက WHO အနေနဲ့ ကမ္ဘာအနှံ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတဲ့ pandemic အဆင့်ကို ကြေညာသွားရန် တုံ့ဆိုင်းနေမှာ မဟုတ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

နိုင်ငံအားလုံးက ကမ္ဘာအနှံ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု pandemic ဖြစ်လာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ရမှာပါ


(Ph

oto: AFP)


"အခြေအနေ သိပ်မဆိုးဘူး ဒါမှမဟုတ် pandemic အဆင့်ဖြစ်လာနိုင်တဲ့ အလားအလာ မရှိဘူးလို့ ကျွန်တော် လျှော့မတွက်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒါက အဲဒီလို အလားအလာရှိနေပါတယ်၊ ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိရတဲ့ နိုင်ငံဖြစ်ဖြစ်၊ မတွေ့ရှိထားတဲ့ နိုင်ငံဖြစ်ဖြစ် နိုင်ငံအားလုံးက ကမ္ဘာအနှံ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု pandemic ဖြစ်လာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ရမှာပါ" လို့ Tedros Adhanom Ghebreyesus က သတိပေးပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။ ဖေဖေါ်ဝါရီ ၂၄ ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေး ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က