COVID-19 ဒုတိယလှိုင်းကို ကြုံနေရကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

တောင်ကိုရီးယားမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းကို ကြုံတွေ့နေရကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ယနေ့ (ဇွန် ၂၂ ရက်) ပထမဆုံးအကြိမ် အတည်ပြု ပြောကြားတယ်။

(Photo: Getty Images)

ကူးစက်မှုတွေဟာ လူနေထူထပ်တဲ့ ဆိုးလ်မြို့တော်တစ်ဝိုက်မှာ အဓိက ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားရဲ့ COVID-19 ကူးစက်ဖြစ်ပွားမှု ပထမလှိုင်းဟာ အမှန်တစ်ကယ် မည်သည့်အခါကမျှ မပြီးဆုံးခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန Korea Centers for Disease Control and Prevention - KCDC) က ယခင်က ပြောထားခဲ့ပါတယ်။



သို့သော် ယနေ့မှာတော့ KCDC ဒါရိုက်တာ Jeong Eun-kyeong က ကူးစက်မှု ပထမလှိုင်းဟာ ဧပြီအထိ ကြာမြင့်ခဲ့ပြီး မေလအစောပိုင်း သီတင်းပတ်ကုန် အားလပ်ရက်မှာ ကူးစက်မှုလှိုင်းအသစ် အစပြုခဲ့ကြောင်းနဲ့ ပိုမိုကျယ်ပြန့်တဲ့ ဆိုးလ်ဧရိယာမှာ အဓိက ဖြစ်ပွားခဲ့ကြောင်း ပြောလာခဲ့ပါတယ်။ မေလအစောပိုင်း မတိုင်မီကမူ ဆိုးလ်ဧရိယာမှာ ကူးစက်မှုအနည်းငယ်မျှသာ စစ်ဆေးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ မေလမှစပြီး နိုက်ကလပ်များမှာ အပါအဝင် ဆိုးလ်မြို့မှာ ကူးစက်မှုအစုအဝေးများ တွေ့ရှိလာရပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားမှာ ကူးစက်မှုများ အမြင့်ဆုံးဖြစ်ပွားမှုဟာ ဖေဖေါ်ဝါရီကုန်ပိုင်းမှာဖြစ်ပြီး ထိုစဥ်က တစ်ရက်အတွင်း ကူးစက်မှု ၉၀၀ ကျော် တွေ့ရှိခဲ့ကာ တရုတ်ပြည်မကြီးပြင်ပမှာ ပထမဆုံး ကြီးမားတဲ့ COVID-19 ကူးစက်မှုကြီး ဖြစ်ခဲ့ပါတယ်။ ထို့နောက်ပိုင်းမှာ တောင်ကိုရီးယားအစိုးရက COVID-19 လူနာနဲ့ ထိတွေ့မှုရှိသူတွေကို ခြေရာခံရှာဖွေခြင်းနဲ့ ဗိုင်းရပ်စ်စစ်ဆးခြင်းတို့ကို အပြင်းအထန် လုပ်ဆောင်ခဲ့မှုကြောင့် ဧပြီလကုန်ပိုင်းအရောက်မှာ နေ့စဥ် ကူးစက်မှုအသစ် ဂဏန်တစ်လုံးတည်း အရေအတွက် ဖြစ်လာခဲ့ပါတယ်။

သို့သော် COVID-19 ထိန်းချုပ်ကာကွယ်ရေး လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ့် စည်းမျဥ်းစည်ကမ်းတွေကို မေလအစောပိုင်းမှာ ဖြေလျှော့သွားမယ်လို့ တောင်ကိုရီးယားက ကြေညာခဲ့ပြီးနောက်ပိုင်း ကူးစက်မှုအသစ်များ မြင့်တက်လာခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ ကူးစက်မှုအသစ်တွေကိုတော့ မေလအစောပိုင်း သီတင်းပတ်ကုန် အားလပ်ရက်အတွင်း ဆိုးလ်မြို့ရှိ နိုက်ကလပ်နဲ့ ဘားဆိုင်တွေကို သွားရောက်ခဲ့ကြတဲ့ လူငယ်တွေကြားမှာ တွေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။

(KCDC ဒါရိုက်တာ Jeong Eun-kyeong) (Photo: Yonhap)

"COVID-19 ဒုတိယလှိုင်းက ဆောင်းဦးရာသီ သို့မဟုတ် ဆောင်းရာသီမှာ ဖြစ်ပွားလာမယ်လို့ မူလက ကျွန်မတို့ ခန့်မှန်းထားခဲ့ပါတယ်၊ ကျွန်မတို့ ခန့်မှန်းချက်က မှားသွားခဲ့ပါတယ်၊ လူတွေ တစ်ယောက်နဲ့တစ်ယောက် အနီးကပ် ထိတွေ့နေသမျှ ကူးစက်မှုတွေ ဆက်ဖြစ်နေမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်" လို့ KCDC ဒါရိုက်တာ Jeong Eun-kyeong က ပြောခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ တနင်္ဂနွေနေ့ (ဇွန် ၂၁ ရက်) ညသန်းခေါင်အထိ စာရင်းတွေအရ နောက်ထပ် COVID-19 အတည်ပြုလူနာ ၁၇ ဦး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

(Photo: AAP)

ထိုအရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်ရက်က အတည်ပြုလူနာသစ် ၄၈ ဦးနဲ့ ၆၇ ဦးစီ တွေ့ရှိခဲ့ရတဲ့ ကူးစက်မှုနှုန်းကနေ လျော့ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၂,၄၃၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ၂၈၀ ဦး သေဆုံးခဲ့ပါတယ်။ COVID-19 နဲ့ ပတ်သက်ပြီး သတိထားကြရန် Jeong Eun-kyeong က တိုက်တွန်းလိုက်ပြီး လူတစ်ဦးနဲ့တစ်ဦး ၆ ပေကျော်အကွာမှာ ရှိနေသမျှ ရာသီဥတုပူတဲ့ အခြေအနေအချို့မှာ ၎င်းတို့ရဲ့ mask များကို ချွတ်ထားနိုင်ကြောင်းလည်း သူမက ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က